ဗကသ ကျောင်းသူ မပိုပို အပါအဝင် သုံးဦးကို ဇူလိုင် ၂၃ရက်သို့ ရုံးချိန်းပြန်ချိန်း

ဗကသ ကျောင်းသူ မပိုပို အပါအဝင် သုံးဦးကို ဇူလိုင် ၂၃ရက်သို့ ရုံးချိန်းပြန်ချိန်း

လှည်းတန်းတွင် အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည် ကျောင်းသူ မပိုပို၊ ကိုနန္ဒစစ်အောင် နှင့် ဝန်းရံသူ ကိုဝင်းကျော့မှူးတို့ အမှုကို  ဇူလိုင် ၉ရက် ရုံးထုတ်စစ်ဆေးပြီး ဇူလိုင် ၂၃ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း ကျောင်းသားမျးဘက်မှ အမှုလိုက်သည့် ရှေ့နေ ဦးဌေးက မဇ္ဈိမကို ပြောသည်။

ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင် ရုံးထုတ်စစ်ဆေးပြီးနောက် တရားခံရှေ့နေဦးဌေးက ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကို စစ်ဆေးရာတွင် ကွာခြားချက်အပိုင်း နှစ်ပိုင်းတွေ့ရှိရသည်ဟု ၎င်းက ပြောသည်။ 

တရားခံရှေ့နေအဖြစ် ဦးဌေးက ထွက်ဆိုရာတွင် သက်သေခံတင်ခဲ့ရာ၌ ပုဒ်မ (၅၀၅) (ခ)နိုင်ငံတော်အကြည်ညိုပျက်စေမှုကို တရားရုံးသို့ ဦးတိုက်လျှောက်ရာတွင် တရားခံ (၆) ဦးဟု တင်ထားသည့် မူလစာရွက်တွင် (၂)ဦး သာဖြစ်၍ ထပ်မံ ဖြည့်စွက်ထားသည်ဟု ဆိုသည်။

"မဟုတ်တာမဟုတ်တဲ့အတိုင်း ပေါ်အောင်စစ်ဆေးနေတာပေါ့။ အခုက စစ်ဆေးတုန်းကာလဆိုတော့ ပြောလို့မရဘူး၊  မြို့နယ်မှူးအနေနဲ့ကတော့ သူက သူ့တာဝန်ကို ထမ်းဆောင်တာလို့တော့ ထွက်ဆိုထားတယ်" ဟုရှေ့နေ့ဦးဌေး ကပြောသည်။

ဧပြီလက ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်၊ မပိုပို နှင့် ဝန်းရံသူ မပိုပိုတို့ကို ကမာရွတ်မြို့နယ်တရားရုံး၌ ဇူလိုင် ၉ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

၎င်းတို့အပြင် ကျော်ကိုကို၊ နန္ဒစစ်အောင်၊ လင်းထက်နိုင်၊ ထက်ခိုင်စိုးတို့ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှု ပုဒ်မ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်မှု ပုဒ်မ ၁၄၅ နှင့် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
 
ပင်မ ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ပြီးခဲ့သည့် မတ် ၁၀ ရက်က ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးမှပြည်လမ်း တစ်လျှောက် ကျောင်းသားများနှင့် အခြားအင်အားစုများ ပါဝင်သည့် လမ်းလျှောက် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် ဗကသကျောင်းသား မပိုပိုနှင့် ကိုဝင်းကျော့မှူး တို့မှ ဖမ်းဆီးခံရခြင်းဖြစ်သည်။
 
အမှုအတွက် ဗကသ ကျောင်းသားများဖြစ်သည့် ကိုကျော်ကိုကို၊ ကိုဝင်းကျော့မှူး၊ ကိုနန္ဒစစ်အောင်၊ ဂျိမ်းစ်၊ ကိုရှိန်းရာဇာထွန်းနှင့် မပိုပိုတို့ခြောက်ဦးကို ကမာရွတ်မြို့နယ်တရားရုံးတွင် နိုင်ငံတော်အကြည်အညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) အပါအဝင် လူစုလူဝေးဆိုင်ရာ ပုဒ်မများဖြစ်သည့် ၁၄၃၊ ၁၄၅၊ ၁၄၇ စသည့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။

ကိုဝင်းကျော့မှူးကို အခင်းဖြစ်ပွားသည့်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး၊ မပိုပိုကို ဧပြီ ၈ ရက်က ဖမ်းဆီးခဲ့ကာ ကိုနန္ဒစစ်အောင်ကိုလည်း ဖမ်းဆီးခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly