လက်ပံတောင်းအရေး ဆန္ဒပြသူ ကိုနေမျိုးဇင်အပါအဝင် ငါးဦး လသာ တရားရုံးက ပုဒ်မ ၁၈ဖြင့် ထောင် ၄လ အမိန့်ချခံရ

လက်ပံတောင်းအရေး ဆန္ဒပြသူ ကိုနေမျိုးဇင်အပါအဝင် ငါးဦး လသာ တရားရုံးက ပုဒ်မ ၁၈ဖြင့် ထောင် ၄လ အမိန့်ချခံရ

ရန်ကုန်၊ ဇူလိုင် ၁၀ ။      ။ လက်ပံတောင်းတောင် အရေးတွင် လတောင်သူ ဒေါ်ခင်ဝင်း သေနတ်ကျည်မှန်ကာ သေဆုံးမှုကို အမှုမှန် ပေါ်ပေါက်ရေးအတွက်  ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည့် နေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဦးဘဆွေ၊ ကိုတင်ထွဋ်ပိုင်တို့ကို ပုဒ်မ ၁၈ဖြင့် ထောင်ဒဏ် ၄လစီ လသာတရားရုံးက ဇူလိုင် ၁၀ရက်က ချမှတ်လိုက်သည်။

ငါးကြိမ်မြောက် ရုံးချိန်းတွင် ယခုကဲ့သို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်ဟု ကိုတင်ထွဋ်ပိုင်၏ဇနီး မယဉ်မျိုးလှိုင်က မဇ္ဈိမကို ပြောသည်။

ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် ၂၀၁၄ ဒီဇင်ဘာ ၂၉ရက်က ကျောက်တံတား၊ အလုံ၊ ဒဂုံမြို့နယ်များကို ဖြတ်၍ တရုတ်သံရုံးရှေ့ကို သွားရောက်ဆန္ဒပြခဲ့သည့်အတွက် ပုဒ်မ ၁၈ဖြင့် စွဲဆိုခံခဲ့ရသည်။

"ဖြတ်သွားတဲ့ မြို့နယ်တွေက  ပုဒ်မ (၁၈) နဲ့တရားစွဲတာပါ၊ လေးယောက်လုံးကို ထောင်ဒဏ်လေးလစီ ချမှတ်လိုက်တာပါ။ ကိုတင်ထွဋ်ပိုင်ကတော့ စုစုပေါင်း အမှုတွေနဲ့ဆို ငါးနှစ်သုံးလ ချမှတ်လိုက်တယ်၊ နောက်မြို့နယ်တွေမှာလည်း တရားစွဲထားတာ ရှိသေတယ်"ဟု  မယဉ်မျိုးလှိုင်က ပြောသည်။

ကိုတင်ထွဋ်ပိုင်သည့် ဒီဇင်ဘာ (၂၉) ရက်နေ့ ၂၀၁၄ ခုနှစ်တွင် လျှပ်စစ်မီတာခ လျှော့ချရေးအတွက် ဆန္ဒပြတောင်းဆိုမှု အပါအဝင် ရုန်းရင်ဆန်ခတ်မှု ပုဒ်မ(၁၄၇)၊ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈၊ ဝတ္တရားနှောက်ယှက်မှု ပုဒ်မ (၃၅၃)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ (၅၀၅)(ခ) တို့ဖြင့် ထောင်ငါးနှစ် သုံးလအပြင် ပုဒ်မ ၁၈ဖြင့်လည်း အခြားမြို့နယ်များ တွင် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

ဆန္ဒပြရာတွင် ဖြတ်သန်းခဲ့သည့် အလုံမြို့နယ် တရားရုံးကမူ ဇူလိုင် ၁၆ရက်တွင် ရုံးချိန်းပြန်လည် ချိန်းဆိုထားသည်ဟု မယဉ်မျိုးလှိုင်က ပြောသည်။

ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် ဆန္ဒပြသည့် ကိုနေမျိုးဇင်မှာ ထောင်ဒဏ် လေးနှစ်ရှစ်လ နှင့် အခြားမြို့နယ်များတွင် တရားရင်ဆိုင်ရဆဲ၊ ဒေါ်နော်အုန်းလှကို ထောင်ဒဏ် ငါးနှစ် ခြောက်လ နှင့် အခြားမြို့နယ်များတွင် တရားရင်ဆိုင်ရဆဲ၊  ဦးဘမြင့်ကို ထောင်ဒဏ် နှစ်နှစ် ဆယ့်တစ်လ နှင့် အခြားမြို့နယ်များတွင် တရားရင်ဆိုင်ရဆဲ၊ ကိုတင်ထွဋ်ပိုင်ကို ထောင်ဒဏ် ငါးနှစ်သုံးလ နှင့် အခြားမြို့နယ်များတွင် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly