နာမည်ကျော် မြန်မာ့ဆေးတံလုပ်ငန်းရှိရာ ရွာလွတ်ရွာသို့

06 August 2016
နာမည်ကျော် မြန်မာ့ဆေးတံလုပ်ငန်းရှိရာ ရွာလွတ်ရွာသို့

မော်လမြိုက်မြို့ရဲ့ သာယာလှပတဲ့ နေရာတွေထဲက တစ်ခုကတော့ ကမ်းနားလမ်းဖြစ်ပါတယ်။ အဲဒီကမ်းနားလမ်း ကျောက်မီးသွေးဆိပ်ကနေပြီး ဘီလူးကျွန်းကြီးကို ကူးသွားလို့ရပါတယ်။ ဘီလူးကျွန်းမှာ ကျောက်သင်ပုန်း ကျောက်တံလုပ်ငန်းတွေ သားရေပင်လုပ်ငန်းတွေ ရှိပါတယ်။ ဒီလုပ်ငန်းတွေ လည်ပတ်နေပုံ အဆင့်ဆင့်နဲ့ ပြီးတော့ ဒီပစ္စည်းတွေ ဈေးကွက်ပေါ် ရောက်လာပုံအဆင့်ဆင့်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

အခုဆိုရင် မော်လမြိုင် ကျောက်မီးသွေးဆိပ်က ဟိုဘက်ကိုကူးမယ့် ဘောက်ပေါ် ရောက်နေပါပြီ။ ဒါကတော့ စက်တပ်သမ္ဗာန် အကြီးစားကြီးပါ။ ဒီကနေ အခု နတ်မှော်ဆိပ်ကို ကူးရမှာပါ။ နတ်မှော်မော်ဆိပ်ကို ကူးဖို့အတွက် ရေစုန်ရေဆန်ကို မူတည်ပြီးတော့ အချိန်က တစ်နာရီကျော်လောက်တော့ ကြာပါတယ်။ ဒီ သင်္ဘောဆိပ်မှာဆိုလို့ရှိရင် ဒီဘောက်ကြီးတွေက မနက် ၈ နာရီခွဲလောက်ကနေ စပြီးတော့ တစ်နာရီခြား တစ်ကြိမ်လောက် နတ်မှော်ဆိပ်ကို အသွားအပြန် ရှိပါတယ်။ ဒါပေမယ့် ဒီ နတ်မှော်မော်တော်ဆိပ်ကနေပြီးတော့ မော်လမြိုင်ကို ပြန်ကူးဖို့အတွက်ကတော့ ညနေ ၃ နာရီခွဲ ၄ နာရီလောက်ကတော့ နောက်ဆုံးပါ။

မော်လမြိုင်မြို့ တစ်ဖက်ကမ်းမှာ ချောင်းဆုံမြို့နယ် ဘီလူးကျွန်း ရှိပါတယ်။ ဘီလူးကျွန်း ချောင်းဆုံကတော့ ရွာပေါင်း ၇၂ ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ချောင်းဆုံမြို့နယ်မှာရှိတဲ့ ရွာလွတ်ရွာနဲ့ မုဒွန်းရွာကတော့ လက်မှုလုပ်ငန်းများနဲ့ ထင်ရှားလှပါတယ်။

ချောင်းဆုံမြို့နယ်ရဲ့ အကျယ်အဝန်းက စတုရန်းမိုင် ၂၄၅၇ မိုင်ဖြစ်ပြီး စပါးစိုက်နိုင်တဲ့ စတုရန်းမိုင်ကတော့ ၁၉၀ လောက်သာရှိပါတယ်။ အရင်တုန်းကတော့ ဒီကျွန်းပေါ်မှာ ဘီလူးတွေ နေထိုင်ခဲ့ကြတယ်လို့ ယုံကြည်ခဲ့ကြလို့ ဘီလူးကျွန်းလို့ ခေါ်ကြတာဖြစ်ပါတယ်။ ဘီလူးများဟာ မွန်လူမျိုးများနဲ့ စစ်ဖြစ်ပြီးတော့ ရှုံးနိမ့်သွားတဲ့အတွက်ကြောင့် ပင်လယ်ဘက်ကို ထွက်ပြေးသွားကြပြီး ကျွန်းတွေ ပင်လယ်ထဲမှာ လှေတွေနဲ့ နေထိုင်ကြတဲ့ လူမျိုးတွေ ဖြစ်သွားကြပါတယ်လို့လည်း ဆိုပါတယ်။

ရွာလွတ်ရွာကဆိုလို့ရှိရင် ဆေးတံအပါအဝင် သစ်သား ပန်းပုနဲ့ လက်မှုလုပ်ငန်းတွေ အဓိက ထွန်းကားတဲ့ရွာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီရွာလွတ်ရွာက ရွာသူရွာသားတွေ ရပ်မိရပ်ဖတွေက သူတို့ရွာရဲ့ အဓိက ထွက်ကုန်တစ်ခုဖြစ်တဲ့ ဒီဆေးတံလုပ်ငန်းကို ဂုဏ်ပြုဂုဏ်ယူတဲ့အနေနဲ့ သူတို့ရဲ့ မြို့နယ် လမ်းမလမ်းဆုံကြီးမှာ သစ်သားပန်ပုနဲ့ ဆေးတံရုပ် အကြီးကြီးကို ကလပ်ပေါ်မှာ တင်ထားထုလုပ် ထားရှိထားပါတယ်။

ပထမဦးစွာ ရွာလွတ်ရွာက ဆေးတံလုပ်ငန်းလုပ်ကိုင်တဲ့ ဦးမန်းငွေဝင်းနဲ့ စပြီးစကားပြောကြည့်ပါတယ်။  

အဘ လက်မှုပညာကို စပြီးတော့ လုပ်ခဲ့တာ ဘယ်အရွယ်လောက်က ဖြစ်မလဲအဘ။

အိမ်ထောင်ကျပြီးတော့ ဒီအလုပ်ကို စလုပ်တာပေါ့။

အဲတော့ အဘကိုကျတော့ ဒီပညာကို ဘယ်သူက သင်ပေးခဲ့တာလဲရှင့်။

ဒီပညာတွေက အဘိုးလက်ထက်ကတည်းက အဘိုးက အင်္ဂလိပ်မင်း လက်ထက်ကတည်းက ဆေးတံလုပ်ခဲ့တာလေ။ အဘိုးကနေတစ်ဆင့် မော်လမြိုင် မိုင်ဒါကွင်းမှာ မွန်ယဉ်ကျေးမှုမှာ အဲဒီမှာ ပြိုင်ပွဲ သွားပြတယ်။ အဲဒီမှာ ပထမဆု ရလာတယ်။ နောက်ပိုင်း အဖိုးမသွားနိုင်တော့ အဖေပေါ့နော်။ ဦးကျော်ဟိန်ဆိုတဲ့ အဖေက သွားပြရတယ်။ နောက်ပိုင်း ကျွန်တော်တို့လက်ထက်ကြတော့ မဆလခေတ်တို့ ပြည်ထောင်စုနေ့တို့ ဘာတို့ အထက်မြန်မာပြည် အောက်မြန်မာပြည် ပြပွဲတို့ နောက် အာဆီယံ ဆယ်နိုင်ငံ ပြပွဲတို့မှာ သွားပြခဲ့ဖူးတာပေါ့။

ဒီနေရာမှာ ဘီလူးခေါင်းရုပ်နဲ့ထုလုပ်ထားတဲ့ အင်မတန်လှပတဲ့ ဆေးတံအိုးလေးကိုလည်း သူက အခုလို ရှင်းပြပါတယ်။

အဆိုတော် လွှမ်းမိုက သူသီချင်းဆိုတော့ ဘီလူးက ကပြီးတော့ ထွက်လာတယ်။ အဲဒီအိုင်ဒီယာကို အဘက ဆေးတံမှာ ပုံစံ ထွင်လိုက်တာပေါ့နော်။

ဆေးတံသောက်တဲ့သူတွေကလည်း နည်းတော့ ဒါပေမယ့် ဒီ မြန်မာနိုင်ငံ ဈေးကွက်ကကျတော့ ရခိုင်နဲ့ ထာဝယ်ပေါ့ အထူးသဖြင့် အဲဒီကိုပဲ တင်ပို့နေတာပါ၊ အရင်တုန်းကတော့ အဘတို့က နယ်ကို ပို့တယ်ပေါ့နော်။ မန္တလေးကို တုတ်ကောက်တွေပို့တယ်လေ။ နိုင်ငံခြားသားတွေက နေ့တိုင်းလာတယ်လေ။ အများဆုံးကတော့ ဥရောပက အလာများတယ်ပေါ့။ အနောက်နိုင်ငံ အမေရိကတို့ ဂျပန်တို့ကတော့ အလာနည်းတယ်ပေါ့။

အဖိုးလက်ထက်တုန်းကတော့ ခတ်ရိုးရိုးလုပ်တယ်။ အဖေတို့လက်ထက်မှာကျတော့ သူ့ထက်သာအောင် ထပ်လုပ်တယ်။ ကျွန်တော်တို့လက်ထက်ကြတော့ တစ်ဆင့်တစ်ဆင့် တိုးတိုးပြီးတော့ ဆန်းသစ်လှပအောင်လုပ်တယ်။

အဲဒီနောက် ရွာလည်ခေါင် လမ်းဆုံလမ်းခွမှာထားရှိတဲ့ ဆေးတံအိုးရုပ်တုကြီး ကိုယ်တိုင် ထုလုပ်ပေးခဲ့ရတဲ့ ဦးမန်းငွေဝင်းက ဆေးတံအိုးကြီး ပြုလုပ်ခဲ့ရပုံကိုလည်း ရှင်းပြပါတယ်။

ဒီ ဆေးတံဖြစ်မြောက်ဖို့က အဘတို့ စိန်မြတောင် ဆရာတော် ဘဒ္ဒန္တဝံသဃံသ ဆိုတာ ကျေးရွာတွေက ကော်မတီအဖွဲ့ဆိုပြီး ဖွဲ့တယ်။ ဖွဲ့ပြီးတော့ အဲဒီ ရွာလယ်မှာ ဆေးတံအိုးကြီး တည်ဖို့ကို ပြုလုပ်ခိုင်းတယ်။ အဘ လုပ်ဖို့က သစ်သွားရှာတာက ဟိုမှာ ၁၅ ရက်လောက် ကြာတယ်။ ချောင်းဆုံ တောင်ကလေးကျောင်းမှာ အနန်းပင် အကြီးကြီးကို လှဲလိုက်ပြီးတော့ နန်းသားနဲ့ ပြုလုပ်ထားတာပါ။ အဲဒီမှာ အဘလုပ်တာ နှစ်လကျော်ကြာတယ်။ အဲဒီဆေးတံကြီးကိုလုပ်တာ။ တော်တော်လေးတာကို ဒီအသားက သူက နှစ်ရာကျော်နေမှာလေ။ အဲဒါကို အဘတို့က အိမ်မှာလာနေတဲ့ နိုင်ငံခြားသားကိုး။ မေးကြည်တယ်။ ဥရောပက လူတွေကို အဘမေးကြည့်တယ်။ ဒီလို ဆေးတံအိုးကြီးက မင်းတို့နိုင်ငံမှာ ရှိလားမရှိဘူးလားဆိုတာကို ကျွန်တော် မေးကြည့်တယ်။ သူက အင်္ဂလန်က လာတာလေ။ သူက ရှိတယ်တဲ့။ ဒီလို သစ်သားနဲ့လုပ်ထားတာမဟုတ်ဘူး။ သူတို့က စတီးနဲ့လုပ်ထားတာ။ ဒါဆို ကျွန်တော်တို့ ဒီဆေးတံက ကမ္ဘာမှာ အကြီးဆုံးလို့ သတ်မှတ်လို့ရတယ်ပေါ့ဗျာ။

အဘတစ်ဦးတည်ပဲ တာဝန်ယူပြိးတော့ ဒီဆေးတံကို လုပ်ခဲ့တာပေါ့နော်။

ဟုတ်ပါတယ်။ ရွာရဲ့ မျက်နှာဖုံးပေါ့နော်။ ပြီးတော့လည်း တစ်ကျွန်းလုံးအတွက်ဆိုလည်း မမှားပါဘူး။ အဘိုးကလည်း ဒီဆေးတံကို ပထမဦးဆုံး သူ တီထွင်ထားတာ။ ဆေးတံအစ ဦးညွှန့်ကလို့ ဆိုတယ်။ အဘိုးနာမည်က ဦးညွှန့်ပါ။ ဆေးတံအစ ဦးညွှန့်က ဆေးတံအစ ရွာလွတ်ကလို့ဆိုတဲ့ ဆောင်ပုဒ် ရှိခဲ့တယ်။ ဒီပညာကို စိတ်ဝင်စားတဲ့သူဆိုရင်လည်း သင်ပေးပါတယ်။ အဘတို့ကလည်း အသက်ကြီးပြီဆိုတော့ နောက်ပြီးတော့ ဒီပညာတွေ မပပျောက်သွားအောင် ထိမ်းသိမ်းဖို့ ရည်ရွယ်ချက် ရှိပါတယ်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly