တူရကီ အာဏာသိမ်းမှုဖြစ်စဉ်အတွင်း သေဆုံးသွားသူများ၏ မိသားစုများကို အစိုးရက နစ်နာကြေး ထုတ်ပေးမည်

တူရကီ အာဏာသိမ်းမှုဖြစ်စဉ်အတွင်း သေဆုံးသွားသူများ၏ မိသားစုများကို အစိုးရက နစ်နာကြေး ထုတ်ပေးမည်

သြဂုတ် ၆ ။             ။ နိုင်ငံတွင် မအောင်မြင်ခဲ့သည့် အာဏာသိမ်းကြိုးပမ်းမှုဖြစ်စဉ်တွင် သေဆုံးသွားသူများ၏ မိသားစုများနှင့် ထိခိုက်ဒဏ်ရာရရှိသွားသူများအား နစ်နာကြေးနှင့် လစဉ် ထောက်ပံ့ငွေ ထုတ်ပေးသွားမည်ဖြစ်ကြောင်း တူရကီအစိုးရက ကြေညာသွားသည်။

သမ္မတ ရီဆက်ပ် တေယစ် အာဒိုဂန်အား ဖြုတ်ချပြီး အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်တွင် ၂၃၉ ဦး သေဆုံးသွားခဲ့ပြီး အခြား လူပေါင်း ၂,၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြသည်။

အာဏာသိမ်းဖြစ်စဉ် ဖြစ်ပွားချိန်က တာဝန်ထမ်းဆောင်နေရင်း သေဆုံးသွားကြသူများနှင့်အခြား သေဆုံးသွားသောအရပ်သားများ၏ မိသားစုများကို အများဆုံး တူရကီ နိုင်ငံသုံးငွေကြေး Liras ၂၄၀,၀၀၀ ( ဒေါ်လာ ၇၉,၀၀၀) ထုတ်ပေးသွားမည်ဟု အလုပ်သမားနှင့် လူမှု ဖူလုံရေး ဝန်ကြီး ဆူလီမန် ဆိုလူက ပြောသည်။

အလားတူ ၎င်းတို့မှာ လစဉ် ထောက်ပံ့ငွေအဖြစ် အနည်းဆုံး liras ၃,၂၀၀ (ဒေါ်လာ ၁,၀၆၇)ရရှိကြမည်ဖြစ်ပြီး သေဆုံးသွားသူများ၏ မိသားစုဝင်နှစ်ဦးစီအတွက် အလုပ်အကိုင်များဖန်တီးပေးသွားမည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရရှိကြသူများကိုလည်း အစိုးရက အများဆုံးliras ၁၇၇,၀၀၀ ( ဒေါ်လာ ၅၉,၀၀၀) အထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏မိသားစုဝင်တစ်ဦးအတွက် အလုပ်အကိုင်များလည်း ဖန်တီးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly