ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံခြားရေး မူဝါဒ

ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံခြားရေး မူဝါဒ
လာအိုနိုင်ငံ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၆ ရက်က တွေ့ရစဉ်။

(ဒေါ်ချောချောစိန်သည် ၂၀၀၆ ခုနှစ်မှ၍ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာန အကြီးအကဲ တစ်ဦးဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ပါမောက္ခရာထူး ရရှိပြီး လက်ရှိ၌ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံရေး သိပ္ပံဌာနကြီးမှူးအဖြစ် တာဝန်ယူထားသည်။ Myanmar Institute of Strategic and International Studies ၏ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ကာ နိုင်ငံတကာမိတ်ဖက်များ ပူးပေါင်း ကျင်းပသည့် နိုင်ငံတကာ ညီလာခံများသို့လည်း တက်ရောက်နေသူ တစ်ဦးဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်တွင်လည်း ကြီးကြပ်သူနှင့် နည်းပြအဖြစ် ထဲထဲဝင်ဝင် လုပ်ဆောင်နေသူ လည်းဖြစ်သည်။
 
ယခု မူဝါဒစာတမ်းသည် မြန်မာ့နိုင်ငံခြားရေး မူဝါဒသုတေသနစာတမ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စာတမ်း အပြည့်အစုံကို www.myanmarisis.org တွင် ဒေါင်းလုဒ်ဆွဲယူနိုင်သည်။

ယခုပေါ်လစီစာတမ်းသည် Myanmar ISIS နှင့် နော်ဝေနိုင်ငံတကာရေးရာသိပ္ပံကျောင်း NUPI တို့ ပူးတွဲလုပ်ဆောင်လျက်ရှိသည့် စီမံကိန်းဖြစ်သော ပူးတွဲနိုင်ငံခြားရေး မူဝါဒသုတေသနပြုလုပ်မှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ အဆိုပါ စီမံကိန်းကို နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာန၏ စေတနာဖြင့် ရန်ပုံငွေစိုက်ထူကာ စီစဉ်နေခြင်းလည်း ဖြစ်သည်။ ယခုအတွေးအမြင် သဘောထားသည် စာရေးသူ ဒေါ်ချောချောစိန်၏ အမြင်သဘေားထားဖြစ်ကာ Myanmar ISIS နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ ရှုမြင်သဘောထားများ မဟုတ်ပေ။)

အထွေထွေရွေးကောက်ပွဲက မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် သမိုင်းတွင်ခြင်း တစ်ရပ်အဖြစ် ပြီးခဲ့သည့်နှစ်က ကျင်းပပြီးစီးခဲ့သည်။ နိုင်ငံတကာ အသိုက်အဝန်းကတော့ မြန်မာအစိုးရသစ်၏ နိုင်ငံခြားရေး မူဝါဒကို စောင့်ကြည့်နေပါသည်။ တစ်ချို့သော ထောက်ပြစရာများကို ဒီနေရာ၌ ဖော်ပြသွားပါမည်။

လက်ရှိအစိုးရ၏ ရည်ညွှန်းရာ ပစ်မှတ်သည် နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်ဆံရေးဖြစ်ထွန်းရေးပင်။ သို့သော်လည်း အစိုးရသစ်အတွက်က အနောက်အုပ်စုနှင့် ဆက်ဆံရေး တည်ဆောက်ရန် အထူးအထွေ မလိုအပ်ပါ။ ဒီအတွက် တကယ် အရေးကြီးသည့် အကြောင်းရင်းခံ နှစ်ချက်ရှိပါသည်။ ပထမတစ်ချက်က ဒေါ်အောင်ဆန်းစုကြည်၏ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် နိုင်ငံတကာဒီမိုကရေစီ စံပြအဖြစ် ခိုင်ခိုင်မာမာရှိနေခြင်း၏ အင်အားဖြစ်သည်။ ဒုတိယတစ်ချက်အနေဖြင့် အရင်အစိုးရကလည်း အနောက်အုပ်စုနှင့် ဆက်ဆံရေး ထူထောင်ထားခဲ့ပြီးဖြစ်ခြင်းပင်။

 လက်ရှိအခြေအနေ၌မူ တရုတ်နိုင်ငံနှင့် ပြန်လည် ဆက်ဆံရေး ကြိုးစသွယ်တန်းရန် လိုအပ်နေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်နှင့် ဆက်ဆံရေး ထူထောင်နေချိန်၌ ထောက်ပံ့မှုများ ဆက်ရှိနေရန်နှင့် နိုင်ငံအတွက် ရင်းနှီးမြုပ်နှံမှုများ ကြီးကြီးမားမား ရရန်အတွက်က အနောက်အုပ်စုနှင့် ထဲထဲဝင်ဝင် ဆက်ရှိနေရန်လည်း လိုအပ်နေသည်။ နိုင်ငံ၏ ခေါင်းဆောင်မှုအားဖြင့် အဆင်ချောသော နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးကို တိုက်ရိုက် သက်ရောက်နိုင်သည့် ပြည်တွင်းအရေးအရာများ အကြောင်းကို ယခုစာတမ်းဖြင့် သုံးသပ်ပါမည်။

NLD ဦးဆောင်သောအစိုးရက ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်စကာ နိုင်ငံတော်တာဝန်ကို စတင်ယူခဲ့သည်။ မြန်မာနိုင်ငံအတွင်း အထင်ရှားဆုံး ခေါင်းဆောင်တစ်ဦးအဖြစ် ငြင်းကွယ်မရသည့် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနကို အုပ်ချုပ်သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်း တာဝန်ယူထားသည်။ ထိုအတွက်ကြောင့် တာဝန်ကြီးများ ဖိစီးနေခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကဲ့သို့ ဦးစားပေးလုပ်ငန်းစဉ်များတွင် အလုပ်ဝန်ပိလာမည်ကို အများအပြားက စိုးရိမ်လျက်လည်းရှိသည်။

ဧပြီ ၁၈ ရက်က ဒေါ်အောင်ဆန်းစုကြည်သည် ၁၆ မိနစ်စာ နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခဲ့သည်။ မိန့်ခွန်းတွင် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပြည်သူများ နေထိုင်မှုဘဝ မြင့်မားရေးကဏ္ဍ နယ်ပယ်လေးရပ်ကို အဓိကထားပြောကြားသွားခဲ့သည်။ နိုင်ငံ၏ ကျင့်သုံးမည့် နိုင်ငံခြားရေးမူဝါဒ ရှင်းလင်း ပြောကြားခြင်းအဖြစ် ၂၀၁၆ ဧပြီ ၂၂ ရက်တွင် နေပြည်တော်၌ ပြည်သူဗဟိုပြုမူဝါဒကို အစိုးရအနေဖြင့် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိကဝတ်ပြု ပြောကြားသည်။ မတူညီသည့် နိုင်ငံများကြား ပြည်သူများချင်း ဆက်ဆံရေးထူထောင်ခြင်း၊ ရင်းနှီးမှုတည်ဆောက်ခြင်းများကို အလေးအနက်ထား ပြောကြားသွားခြင်းဖြစ်သည်။

ပြည်သူချင်း ဆက်ဆံမှု နိုင်ငံခြားရေးမူဝါဒသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပုံရိပ်ကောင်းမှတစ်ဆင့် အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်တိုးတက်နေစေရေးအတွက် မြန်မာနိုင်ငံအတွက် အခြေခံကျသည့် အရေးကြီးသည့် မူတစ်ရပ်ပင်ဖြစ်သည်။ လူ့အခွင့်အရေးနှင့် ရွှေ့ပြောင်း ဝင်ရောက်သူများ အရေးနှင့် ပတ်သက်ပြီး အချို့သော အဖွဲ့အစည်းများနှင့် နိုင်ငံများ၏ နားလည်မှုလွဲမှားခြင်းများကဲ့သို့ စိန်ခေါ်မှုများ၊ ထိပ်တိုက်ဖြစ်မှုများနှင့် မြန်မာနိုင်ငံက ရင်ဆိုင်နေရသည်။

ထိုအနေအထားမျိုးအောက်တွင် မြန်မာနိုင်ငံတွင်းက အမှန်အရှိအခြေအနေနှင့် ပြည်တွင်းပြည်ပမူဝါဒများအကြောင်းကို နားလည်မှုများ ဖော်ဆောင်နိုင်ရန် ပြည်သူချင်း ဆက်ဆံရေး မူဝါဒက မရှိမဖြစ်ပင်ဖြစ်သည်။ ကမ္ဘာနှင့် မြန်မာ၊ မြန်မာနှင့် ကမ္ဘာ ကင်းပြတ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများမှ ခေါင်းဆောင်များ၊ ပညာရှင်များ၊ ကျောင်းသားများ၊ လူမှုအဖွဲ့အစည်းများ၏ လာရောက်လည်ပတ်ကြသောခရီးစဉ်များ၊ အမြင်ချင်းဖလှယ်ဆွေးနွေးမှုများနှင့် အပြန်အလှန်ဆက်ဆံအကျိုးပြုမှုများ ဖော်ဆောင်ရန် လိုအပ်နေသည်။ သေချာဂရုတစိုက် ရှိထားရမည်က နိုင်ငံခြားပညာရှင်များအတွက် ထိရောက်အကျိုးရှိသော လူဝင်မှုကြီးကြပ်ရေးပေါ်လစီအပါအဝင် လက်တွေ့ကျသည့် စီမံခန့်ခွဲမှုများ ရှိနေရမည်ဖြစ်သည်။

အစိုးရသစ်ဖွဲ့စည်းပြီး ရက်ပိုင်းအတွင်းသာရှိသေးချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီကို ဖိတ်ကြားတွေ့ဆုံခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားချဉ်းကပ်မှုကို မြင်သာနိုင်သည်။ ထိုဖိတ်ကြားမှုက ပြည်တွင်းရေးနှင့်လည်း ပတ်သက်မှုရှိနေသည်။ အထူးသဖြင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကဲ့သို့ အရေးကြီးသည့် ပြည်တွင်းရေးများနှင့် စပ်ဆက်သည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁-၂၀၁၅ ခုနှစ်အတွင်း မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာ-တရုတ် ဆက်ဆံရေး တန်းသွားခဲ့သည်။ မြစ်ဆုံစီမံကိန်းက အစိုးရသစ်အတွက် အဓိကစမ်းသပ်မှုတစ်ရပ် ဖြစ်လာနေသည်။ ပြည်တွင်း၌ မြစ်ဆုံက အရေးကြီးကိစ္စရပ်ဖြစ်နေသည်။ ဂျာနယ်ဆောင်းပါးများ၊ ဝက်ဘ်ဆိုက်များနှင့် လူမှုမီဒီယာများက စီမံကိန်းကို ရပ်နားခြင်းထက် “ဧရာဝတီ စီးဆင်းပါစေ။”နှင့် “မြစ်ဆုံအား ဝိုင်းဝန်းကာကွယ်ကြ”ဟူသော အရေးအသားများဖြင့် တိုက်တွန်းဖော်ပြလျက်ရှိနေသည်။

မြစ်ဆုံစီမံကိန်းအား အချိန်ယူ စဉ်းစားနေရမည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်နှင့် ဆက်ဆံရေး မထိခိုက်စေဘဲ ယင်းပြဿနာအား မည်သို့ဖြေရှင်းမည်ကို ရှင်းလင်းပြတ်သားရန် လိုအပ်သည်။ စီမံကိန်းပြန်စမည့်အစား ခရီးသွားလုပ်ငန်းနယ်ပယ်တွင် အပြုသဘောပူးပေါင်းဆောင်ရွကမှုများဖြင့် တရုတ်သို့ ချဉ်းကပ်ခြင်းက သင့်တော်သည့် အကြံဖြစ်ပါလိမ့်မည်။ တရုတ်အတွက်ကလည်း မြန်မာနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို အမှန်တကယ်ဆက်လက်ထိန်းသိမ်းထားလိုပါက မြစ်ဆုံဆည်ကို ဝှက်ဖဲခင်း ကစားခြင်းမျိုးအား ရှောင်ရှားသင့်သည်။

နောက်ထပ်အငြင်းပွားဖွယ် ပြဿနာတစ်ရပ်က ဗုဒ္ဓဘာသာအများစု၏ ရခိုင်ဒေသမွတ်စလင်များက ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသူများဖြစ်ကာ ဘင်္ဂလီများအဖြစ်သာ လက်ခံထားခြင်းဖြစ်သည်။ ယင်းအရေးကိစ္စရပ်တွင်လည်း ဘက်လိုက်ခြင်းမရှိစေဘဲ နှစ်ဖက်အသိုင်းအဝန်း၏ နားလည်မှု ရရှိခြင်းအား နိုင်ငံတကာအသိုင်းအဝန်းထံ ချပြနိုင်ရမည်။ မြန်မာနိုင်ငံအတွက်က ဒီမိုကရေစီလက်တွေ့ လုပ်ငန်းများနှင့် လစ်ဘရယ်သဘောထားများ ရေတိုအတွင်း ရရှိရန် ခက်ခဲမည်ဆိုတာလည်း စဉ်းစားထားရမည်။ အစိုးရသစ်အနေဖြင့် ကျန်ရှိဆဲ ဒဏ်ခတ်ပိတ်ဆို့မှုများအား ဖြေလျှော့ပေးရေး အမေရိကန်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုအပ်သည်။

ယခုစာတမ်းရေးသားစဉ်ထိ အချို့သော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးထားပြီဖြစ်ကာ လူ့အခွင့်အရေး အလွဲသုံးစားမှုများနှင့် မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်ခြင်းတို့ကို တားမြစ်နိုင်ရေး ဒဏ်ခတ်ပိတ်ဆို့မှုများကိုမူ ဆက်လက်ချမှတ်ထားဆဲဖြစ်သည်။ ဒဏ်ခတ်ပိတ်ဆို့မှု ဆုံးဖြတ်ချက်က ၂၀၁၆ မေလအတွင်း အာဆီယံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မလာရောက်မီ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် နေပြည်တော်တွင် ဂျွန်ကယ်ရီနှင့် တွေ့ဆုံချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယဉ်ကျေးစွာဖြင့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်ထားခြင်းကို နားလည်ကြောင်းနှင့် ပြဿနာကြီးတစ်ရပ် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအလွန် နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင့်သုံးလာခဲ့သည့် အခြေခံမူများအရ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။ သို့သော် ပြည်တွင်းရေးရာများနှင့် ပိုမို လျော်ညီမှုရှိသည့် နိုင်ငံခြားရေးမူဝါဒကို ရည်မှန်းချက်ထားသည်။ တကယ်၍ မြန်မာနိုင်ငံက နိုင်ငံတကာရေးရာတွင် ပိုမိုထဲထဲဝင်ဝင်ပါဝင်ခဲ့ပါက ပြည်တွင်းနှင့် ဟန်ချက်ညီမှုရှိသော ကျယ်ပြန့်သည့် လုပ်ဆောင်မှုများကို NLD ဦးဆောင်သောအစိုးရအနေဖြင့် ဖော်ဆောင်လာရမည်ဖြစ်သည်။

ဥပမာ- သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု၊ သဘာဝသယံဇာတရင်းမြစ်များ တူးဖော်ခြင်းနှင့် တိုင်းရင်းသားဒေသခံများ၏ လိုအပ်ချက်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနှင့် နိုင်ငံသားတိုင်းအခွင့်အရေး၊ နိုင်ငံခြားအထောက်အပံ့အကူအညီများမှတစ်ဆင့် ကြားဝင်စွက်ဖက်ခံရခြင်းနှင့် နိုင်ငံတော် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တိုင်းရင်းသားများ၏ ဆန္ဒသဘောထားနှင့် ပြည်တွင်းလုံခြုံရေးစိုးရိမ်မှု စသည့် ကိစ္စရပ်များဖြစ်သည်။ ထိုသို့မဟုတ်ပါက အစိုးရ၏ ရက်တစ်ရာစီမံကိန်းနှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ NLD ဦးဆောင်သော အရပ်သားအစိုးရ၏ ငါးနှစ်သက်တမ်းက အချည်းနှီးဖြစ်သွားနိုင်ပါသည်။

ဇော်မြင့်လွင် ဘာသာပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly