မျက်ကွယ်ပြုခံနေရသည့် မိသားစုအတွင်း အကြမ်းဖက်ခြင်း

မျက်ကွယ်ပြုခံနေရသည့် မိသားစုအတွင်း အကြမ်းဖက်ခြင်း

မိသားစုအတွင်းအကြမ်းဖက်ခံရသည့် အမျိုးသမီးများစွာ ရှိသော်လည်း အနည်းငယ်ကသာ ဥပဒေ၏ အကာအကွယ်ကိုယူကြသည်။

ရန်ကုန် (Myanmar Now) ။           ။ ရန်ကုန်မြို့လယ်တွင်နေထိုင်သည့် ၃၅ နှစ်အရွယ် မသန်းသန်းဝင်း (အမည်လွှဲ)သည်အိမ်ထောင်ဖက်၏ နှိပ်စက်ခြင်းကို ၉ နှစ်ကြာခံခဲ့ရသည်။ နှိပ်စက်မှုများထဲတွင် မျက်နှာ၊ ဦးခေါင်း၊ ရင်ဘတ်၊ ကျောကုန်း စသည့်နေရာများကို ဆောင့်ကန်ခြင်း၊ နီးစပ်ရာအရာဝတ္ထုဖြင့် ကောက်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းတို့ ပါဝင်သည်။

အိမ်ထောင်သက်ကြာလာလျှင် ညှဉ်းပန်းခံရမှု တဖြည်းဖြည်း လျော့နည်းသွားနိုင်သည်ဟူသော သူ၏ မျှော်လင့်ချက်မှာလည်း လက်တွေ့ ဖြစ်မလာပေ။ “ကျွန်မကို ပြေးပြေးကန်တာ ဘောလုံးတစ်လုံး လိုပဲ။ လူရှေ့သူရှေ့၊ နေရာဒေသမရွေးဘူး၊ သူစိတ်ဆိုးတာနဲ့ကျွန်မကိုရိုက်နှက်တော့တာပဲ။ ရဲတိုင်ရင် ကလေးတွေကိုပါနှိပ်စက်မယ်လို့ ပြောပါတယ်” ဟုကျောင်းနေအရွယ် ကလေး ၃ ယောက်၏မိခင် မသန်းသန်းဝင်းက ပါးပြင်မှ မျက်ရည်စများကို သုတ်ရင်းရှင်းပြသည်။

အိမ်ထောင်ကျစဉ်က မသန်းသန်းဝင်း၏ မိဘများကသဘောမတူသောကြောင့် စိတ်နာပြီး နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့သည်ဟူသော ခင်ပွန်းသည်၏ အခြေအနေက လွန်ခဲ့သည် ၃ လ အတွင်း ပိုဆိုးလာသည်။ ခင်ပွန်းသည်က ဓားတစ်ချောင်းကိုသွေး၍ “ဒီဓားနဲ့ နင့်ကိုသတ်မှာ” ဟုပြောဆိုခဲ့သ ဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မသန်းသန်းဝင်းကဆိုသည်။

မိသားစုအတွင်းအကြမ်းဖက်နှိပ်စက်မှုဒဏ်ကိုကြုံတွေ့နေရသောအမျိုးသမီးအများအပြားသည် မသန်းသန်းဝင်းကဲ့သို့ပင် အမှုဖွင့်တိုင်ကြားလေ့ မရှိကြောင်း ကာယကံရှင်များ၊ အရပ်ဖက် အဖွဲ့အစည်းများက ပြောသည်။

အမျိုးသမီးအများအပြားသည် ဝင်ငွေမရှိခြင်းအိမ်ထောင်ကွဲလျှင် တစ်လင်ကွာဟုကဲ့ရဲ့ ပြစ်တင် ခံရနိုင်ခြင်း၊ ကလေးများစိတ်ဒဏ်ရာရခြင်း၊တို့ကြောင့် သည်းခံအလျှော့ပေးတတ်ကြသည်ဟု ၎င်းတို့က ဆိုသည်။

ပညာပေးခြင်း

ဇူလိုင် ၁၃ နံနက်ပိုင်းရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ဒေါ်စုစုလှိုင်က အိပ်ပျော်နေသူ ခင်ပွန်းသည်၏ ဦးခေါင်းကို ရဲတင်းဖြင့် ခုတ်ပြီးနောက် ရဲစခန်းသို့သွားရောက် အဖမ်းခံခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဒေါ်စုစုလှိုင်တို့ ဇနီးမောင်နှံသည် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့မှ ပြောင်းရွှေ့လာ ကြသည်မှာ ၂ လနီးပါး ရှိပြီဖြစ်သည်။ ခင်ပွန်းသည်က သူ့ကို နှိပ်စက်ကြောင်း၊ ကိုယ်ဝန်ရှိသဖြင့် ဗိုက်ကိုမကန်ရန် ဒေါ်စုစုလှိုင် တောင်းပန်သည့် အသံ ညတိုင်းကြားရကြောင်း အိမ်နီးချင်းတို့က ပြောသည်။ “ရိုက်တာ မခံနိုင်လွန်းလို့ မိန်းမက အိမ်ပေါ်ကဆင်းပြေးတဲ့အဖြစ်မျိုးတောင် ရှိခဲ့ဖူးပါတယ်” ဟု ၎င်းတို့အိမ်ရှေ့တွင် နေထိုင်သည့် ဒေါ်စိုးစိုးအေးက ပြောသည်။

ခင်ပွန်းသည်က ထွက်ပြေးသည့် ဒေါ်စုစုလှိုင်ကို ဆံပင်ဆွဲ၍ အိမ်ထဲပြန်ခေါ်သွားသည်ကို မြင်တွေ့ဖူးကြောင်း သူက ဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် ကွန်ရက်တစ်ခုဖြစ်သည့် Irrawaddy Women’s Network မှ ဒုတာဝန်ခံမသီတာမြင့်က ခင်ပွန်းသည်ကို အိမ်ဦးနတ်အဖြစ် သဘောထားနေကြခြင်းမှာ မိသားစုအတွင်းအကြမ်းဖက်ခြင်းကိုအားပေးရာရောက်သည့် အချက်တစ်ခုဖြစ်သည်ဟုသုံးသပ်သည်။

၎င်းတို့၏ ကွန်ရက်သည် အိမ်တွင်းအကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ ရွာပေါင်း ၃ဝ တွင် လိုက်လံ၍ ပညာပေးဟောပြောပြီးဖြစ်သည်။ နိုင့်ထက်စီးနင်းပြုခြင်း ပြုလာပါကခေါင်းငုံ့မခံသင့်ကြောင်း၊ တိုင်ကြားနိုင်သည့် ဥပဒေများရှိကြောင်းဟောပြောခြင်းကိုအထင်လွဲသူများရှိနေကြောင်းမသီတာမြင့်က ပြောသည်။ “လင်မယားတွေကြားမှာ ရန်တိုက်ပေးနေတာ မဟုတ်ပါဘူး” ဟုသူကဆိုသည်။

အမျိုးသမီးအများစုသည် အိမ်တွင်းအကြမ်းဖက်ခံရခြင်းကို ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ ဖြစ်လေ့ရှိသည့် အိမ်တွင်းရေးပြဿနာအဖြစ်သာ သဘောထားနေသည်ကို လေ့လာတွေ့ရှိရကြောင်း သူကပြောသည်။ နာမည်ကျော် စာရေးဆရာမကြီးစမ်းစမ်းနွဲ့(သာယာဝတီ) ကအိမ်တွင်းအကြမ်းဖက်မှု လျော့နည်းလာစေရန်အတွက် တရားဥပဒေစိုးမိုးရေးကအဓိကကျကြောင်းပြောသည်။

အမျိုးသမီးများ ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများကို သူ၏ဝတ္ထုများ တွင် ထည့်သွင်းရေးသားခဲ့သည်။ အမျိုးသမီးများ အခက်အခဲကိုရင်ဆိုင်ဖြေရှင်းရဲသည့် သတ္တိပေါ် ပေါက်လာစေရန် အတွက်လည်းတွန်းအားပေးသင့်ကြောင်း၊ ဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းစသည့်  အသိပညာပေးရေး လုပ်ငန်းများကို အကြိမ်ကြိမ် ပြုလုပ်သင့်ကြောင်း၊ အသိပညာ ဗဟုသုတ ကြွယ်ဝစေရန် အတွက်လည်း အမျိုးသမီးများသာမက အမျိုးသားများအနေဖြင့်လည်း စာများများဖတ်ရန် လိုအပ်ကြောင်း ပြောသည်။

တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်း၍ရသည်ကိုပင် နားလည်သူနည်းပါးကြောင်း၊ ရဲတပ်ဖွဲ့ကလည်းတိုင်ကြားချက် ရှိလာလျှင် ထိထိရောက်ရောက် ကိုင်တွယ်သင့်ကြောင်း သူက ပြောသည်။ “ဖြစ်ပြီးမှဖြေရှင်းတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့ နည်းလမ်းကအကောင်းဆုံးပါပဲ” ဟုသူကဆိုသည်။

ကျောက်တံတားမြို့နယ်ရှိ ရဲအုပ်ဇော်ဝင်းနိုင်ကအိမ်ထောင်ဖက်ကိုတုတ်၊ ဓားသုံးပြီး တိုက်ခိုက် ခြင်းမှာ လွန်စွာဆိုးဝါးသည့် အပြုအမူဖြစ်သည်ဟုပြောသည်။ စခန်းသို့ လာရောက်တိုင်တန်းမှု ရှိပါက နှစ်ဖက်မိဘဆွေမျိုး၊ ရပ်မိရပ်ဖ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ဦးစွာညှိနှိုင်းဖြေရှင်းခိုင်းကြောင်း၊ ထိုအဆင့် မအောင်မြင်မှ အမှုဖွင့်ခြင်းကို လက်ခံဆောင်ရွက်ပေးကြောင်း ပြောသည်။  

တိုင်ကြားသူ၏ လုံခြုံရေး

ရန်ကုန်၊ ဒလမြို့နယ်မှ ဒေါ်အေးသန္တာက ၎င်း၏ ခင်ပွန်းသည် ဦးတင်မောင်ဝင်း (ခေါ်) ဦးထွန်း ရွှေကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် တရားစွဲခဲ့သည်။ ဇူလိုင် ၅ ရက်နေ့ တရားရုံးချိန်းမှ အပြန်တွင် ဦးတင်မောင်ဝင်းက လည်ပင်းကို ဓားဖြင့်ထိုးသဖြင့် ဒေါ်အေးသန္တာ သေဆုံးသွားကြောင်း မြို့နယ် ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။  

အိမ်ထောင်ဘက်များကြား အမှုဖွင့်ထားပါကတိုင်ကြားသူ၏ အသက်အန္တရာယ် ထိခိုက်မှု မရှိစေရန် အမျိုးသားကို ၎င်း၏ ဇနီးသည်ရှိတတ်သည့် နေရာများသို့ သွားလာခွင့်ပိတ်ပင်သင့် ကြောင်းရန်ကုန် ၊ မြောက်ဥက္ကလာပ မြို့နယ်မှ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မဝင်းဝင်းခိုင်က ပြောသည်။

“မိန်းမနဲ့နွား မသနားရ၊ မိန်းမဆိုတာ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ” ဟု တချို့က နောက်ပြောင် ပြောဆိုကြကြောင်း၊ ထိုသို့ ပြောဆိုခြင်းသည် ရိုက်နှက်ခြင်းကို အားပေးရာရောက်ကြောင်း သူက ထောက်ပြသည်။  

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ အလုပ်သမားရေးရာဌာန ဒုတာဝန်ခံ ဒေါ်သက်သက်အောင်ကလည်း တိုင်ကြားခံရသူ အမျိုးသားကို လိုအပ်ပါက ၂၄ နာရီခန့် ထိန်းသိမ်း ထားသင့်ကြောင်း သုံးသပ်သည်။ “အရမ်းဆိုးသွမ်းနေတဲ့သူဆိုရင်ခဏချုပ်ထားတာအသင့်တော်ဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအတိုင်းထားရင်လည်းဇနီးအပါအဝင်အခြားသူတွေကိုပါ အန္တရာယ်ပေးနိုင် တယ်” ဟု ဒေါ်သက်သက်အောင်က ဆိုသည်။

ပညာပေးဟောပြောမှု အစီအစဉ်များတွင် အမျိုးသားပါဝင်မှု ရှိလာပါက အိမ်တွင်းအကြမ်း ဖက်မှု ပြဿနာလျော့နည်းလာမည်ဟု သူကပြောသည်။ ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်တွင် အိမ်ဆောက်ပစ္စည်း ရောင်းသူကလေးနှစ်ယောက်ဖခင် ဦးနေမျိုးက အိမ်ထောင်ဖက်အချင်းချင်း စိတ်ဆင်းရဲဖြစ်အောင် မပြုလုပ်သင့်ကြောင်း ပြောသည်။

“ကိုယ်ချစ်လို့ လက်ထပ်ထားတာပဲ၊ စိတ်အခန့်မသင့်လို့ စကားများတာတော့ ရှိတာပေါ့။ ယောကျ်ားရင့်မာကြီးကအားနွဲ့တဲ့မိန်းမသားကိုအနိုင်ကျင့်ရိုက်နှက်တယ်ဆိုတာကလူကြားလို့မှ မကောင်းတဲ့ ကိစ္စပါ” ဟု ၎င်းက ဆိုသည်။

အမျိုးသမီးတို့၏ စိုးရိမ်မှု

ရန်ကုန်၊ သင်္ဃန်းကျွန်း မြို့နယ်မှ ကလေးနှစ်ယောက်မိခင် ဒေါ်ဖြူဖြူ (အမည်လွှဲ) သည် ခင်ပွန်းယောက္ခမများ၏နေ့စဉ်နှင့်အမျှ  အနိုင်ကျင့်သည့်ဒဏ်ကိုမခံနိုင်တော့ဟုဆိုကာအိမ်ထောင်သက် ဆယ်နှစ်အကြာဇူလိုင်လဆန်းတွင် ခင်ပွန်းသည်နှင့် လမ်းခွဲခဲ့သည်။ မျက်နှာယောင်ကိုင်း၊ ခေါင်းကွဲ၊ လက်ကျိုးသည်အထိ နှိပ်စက်ခံရဖူးကြောင်း၊   အိမ်အပြန်နောက်ကျသည့်နေ့များတွင်   “မိန်းမပျက်” ဟုအခေါ်ခံရကြောင်းသူကပြောသည်။

“သူလက်သီးနဲ့ထိုးလို့ ကျွန်မမျက်လုံးမှာသွေးခြည်ဥဖူးပါတယ်။ အခုတော့ ကျွန်မဝဋ်ကျွတ် သွားပြီ” ဟု သူကဆိုသည်။ ရန်ကုန်၊ တောင်ဥက္ကလာပ မြို့နယ်တွင်နေထိုင်ပြီးခင်ပွန်းသည်၏ လစာ တစ်ခုတည်းဖြစ်သာ မှီခိုနေထိုင်နေသည့် ၂၃ နှစ်အရွယ်ရှိသူကလေးတစ်ယောက်မိခင် မယုယုထွန်း (အမည်လွှဲ)ကလည်း ခင်ပွန်းသည်၏ အကြမ်းဖက်မှု ဒဏ်ကို ခံရသူဖြစ်သည်။

ခင်ပွန်းသည်ကလုပ်ငန်းခွင် အဆင်မပြေသည့် ရက်များတွင် အရက်သေစာသောက်စားပြီးမှ အိမ်သို့ပြန်လာကာအော်ဟစ် ဆဲဆို၊ အိုးခွက်ပန်းကန်များကိုရိုက်ခွဲတတ်ကြောင်းသူကပြောသည်။ “သူအဆင်မပြေတော့ ကျွန်မလည်းအရစ်ခံရတာပေါ့” ဟုမယုယုထွန်းကဆိုသည်။

၎င်း၏ သမီးအားမိတစ်ကွဲ၊ ဖတစ်ကွဲအဖြစ်သို့မရောက်စေရန် အတတ်နိုင်ဆုံး သည်းခံသွားမည် ဖြစ်သော်လည်း ယခုထက်ပိုမို အနိုင်ကျင့်ခံရပါက ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းမည်ဟု ဆိုသည်။

လင်မယားအချင်းချင်းဖြစ်စေကာမူ အလိုမတူဘဲ လိင်ဆက်ဆံပါက မုဒိမ်းမှု မြောက်သော် လည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တိုင်ကြားသူ မရှိသလောက် နည်းပါးကြောင်း ရန်ကုန်မြို့မှ အထက်တန်းရှေ့နေ ဦးမင်းသက်ဇင်က ပြောသည်။

နှိပ်စက်ခံရပါက အပြင်းအထန် နာကျင်စေမှု၊ ဓားလက်နက်တို့ဖြင့် နာကျင်စေမှုများဖြင့် တရားစွဲဆို တိုင်ကြားနိုင်ကြောင်း သူက ရှင်းပြသည်။ “ဒီပုဒ်မတွေနဲ့ တရားစွဲလို့ရတယ် ဆိုတာကို ဇနီးသည်အများစုက မသိကြပါဘူး”ဟု ဦးမင်းသက်ဇင်က ဆိုသည်။

အိမ်ထောင်ဖက်အချင်းချင်း အနိုင်ကျင့်ခြင်းသည် လင်မယားကြားထဲမှ အတွင်းရေးကိစ္စသာ ဖြစ်သည်ဟူသောအယူအဆကိုမဖျောက်ဖျက်နိုင်ပါကမိသားစုအတွင်းအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှု၊ အရေးယူမှုရှိလာမည်မဟုတ်ဟုရန်ကုန်အခြေစိုက် ကျား မ တန်းတူရေးကွန်ရက်မှ ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူက Myanmar Now ကိုပြောသည်။

"အိမ်တွင်းအကြမ်းဖက်မှုဟာရာဇဝတ်မှုမြောက်တဲ့ပြစ်မှုဖြစ်တယ်ဆိုတာကိုပထမဦးဆုံးအမျိုးသမီးတွေရောအမျိုးသားတွေရောသိဖို့နားလည်ဖို့အရေးကြီးပါတယ်။ဥပဒေအရလည်းစနစ်တကျအရေးယူဖို့ လိုအပ်ပါတယ်" ဟုဒေါ်မေစပယ်ဖြူကပြောဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly