အူဒီးနီးစ်တောင်ပံကစားသမား ဇီလင်စကီးကို နာပိုလီအသင်း ခေါ်ယူ

အူဒီးနီးစ်တောင်ပံကစားသမား ဇီလင်စကီးကို နာပိုလီအသင်း ခေါ်ယူ

သြဂုတ် ၅၊ အီတလီ ။                ။ တိုက်စစ်မှူး ဟီဂူအင်ကို ရောင်းချခဲ့သည့်အတွက် တိုက်စစ်အားနည်းသွားသော နာပိုလီအသင်းသည် အူဒီးနီးစ်အသင်းမှ တောင်ပံကစားသမား ဇီလင်စကီးကို ထပ်မံခေါ်ယူလိုက်ပြီဖြစ်သည်။

အေဂျက်ဇ်အသင်းမှ ပိုလန်တိုက်စစ်မှူးမီလစ်ကို ခေါ်ယူခဲ့ပြီးနောက် ပိုလန်တောင်ပံကစားသမားတစ်ဦးဖြစ်သည့် ဇီလင်စကီးကို ထပ်မံခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

ဇီလင်စကီးသည် ပိုလန်အသင်းနှင့်အတူ ယူရိုပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သည့်အတွက် လီဗာပူးလ်အသင်းကလည်း ခေါ်ယူရန်စိတ်ဝင်စားခဲ့သူ ဖြစ်သည်။ နာပိုလီအသင်းက ဇီလင်စကီးအတွက်   ပြောင်းရွှေ့ကြေးပေါင် ၈.၅ သန်းပေးချေခဲ့ရသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

အသက် ၂၂ နှစ်အရွယ်သာရှိသေးသည့် ဇီလင်စကီးသည် လူငယ်ကစားသမားဘဝကို ပိုလန်တွင် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်က အူဒီးနီးစ်သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ အူဒီးနီးစ်အသင်းကြီးအတွက် ၁၉ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ပြီးခဲ့သည့် ရာသီနှစ်ခုက အမ်ပိုလီအသင်းတွင် အငှားသွားရောက်ကစားခဲ့ရသည်။

၂၀၁၃ ခုနှစ်ကတည်းက ပိုလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီး ၁၆ ပွဲကစားကာ ၃ ဂိုးသွင်းယူပေးထားသည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly