ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲရလဒ်ကြောင့် ၂၀၁၇ ရွေးကောက်ပွဲ အပြောင်းအလဲဖြစ်မည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲရလဒ်ကြောင့် ၂၀၁၇ ရွေးကောက်ပွဲ အပြောင်းအလဲဖြစ်မည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပြော

သြဂုတ် ၅ ။       ။ လာမည့် သြဂုတ် ၇ ရက်တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံ ဥပဒေဆန္ဒခံယူပွဲတွင် မည်သည့် ရလဒ်ထွက်ပေါ်လာစေကာမူ ကြိုတင်ကတိပေးထားသည့်အတိုင်း ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်တွင်သာ ကျင်းပပေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

နိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်ပေးသွားနိုင်သည့် အဆိုပါ ဆန္ဒခံယူပွဲရလဒ်ကြောင့် လာမည့် နှစ် ရွေးကောက်ပွဲကျင်းပမှုကို သက်ရောက်နိုင်စရာမရှိကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောကြားလိုက်သည်။

နိုင်ငံတွင် ၂၀၁၄ မေလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုအခါ စစ်အစိုးရ ဦးဆောင်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြည်သူများ လက်ခံမည်လား၊ ကန့်ကွက်မည်လား ဆိုသည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

ယင်းအခြေခံဥပဒေသစ်မှာ ရွေးကောက်ခံ ပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍကို မှေးမှိန်သွားစေနိုင်ပြီး စစ်တပ်၏ သြဇာလွှမ်းမိုးမှုကို ပိုမိုအားကောင်းသွားစေလိမ့်မည်ဟု ဆိုပြီး အဓိကနိုင်ငံရေးပါတီများအပါအဝင် ဝေဖန်သူများက ပြစ်တင်ပြောကြားထားသည်။

အကယ်၍ ယင်းဖွဲ့စည်းပုံကို ဆန္ဒခံယူပွဲက အတည်ပြုပေးလိုက်ပါက စစ်အစိုးရက တရားဝင်လုပ်ကိုင်သွားနိုင်မည်ဖြစ်ကာ ရွေးကောက်ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ဦးစီးကျင်းပပေးဖွယ်ရှိသည်။ ယင်းသို့မဟုတ်ဘဲ ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲဘက်က အသာရသွားခဲ့ပါက စစ်အစိုးရက နောက်ထပ် ဖွဲ့စည်းပုံသစ်တစ်ရပ်ကို ပြောင်းလဲရေးဆွဲဖွယ်ရှိသောကြောင့် ဒီမိုကရေစီလမ်းကြောင်းသို့ သွားရေး နှောင့်နှေးသွားဖွယ်ရှိနေသည်။

နက်ခွန်နာယော့ခ် ဒေသရှိ စစ်အခြေစိုက်စခန်းတွင် သတင်းထောက်များကို ပြောကြားရာ၌ ဝန်ကြီးချုပ်ပရာယွတ်က နိုင်ငံသားများအနေဖြင့် ဆန္ဒခံယူပွဲတွင် မဲပေးကြရန် နှင့် ရွေးကောက်ပွဲကို လာမည့်နှစ် ၂၀၁၇ တွင် ကျင်းပပေးမည်ဟု အခိုင်အမာ ပြောကြားသွားသည်။

" လာမယ့် နှစ်ရက်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် ကိစ္စတစ်ခုရှိနေပါတယ်၊ ရွေးကောက်ပွဲကတော့ ၂၀၁၇ မှာပဲ ကျင်းပပေးမှာပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကတိပေးထားတယ်လေ" ဟု ဝန်ကြီးချုပ် ပရာယွတ်က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly