ဒေါ်အောင်ဆန်းစုကြည်အား ISIS အဖွဲ့မှခြိမ်းခြောက်မှုအပေါ် မြန်မာ မွတ်စလင်မ် လူ့အဖွဲ့အစည်းများမှ ကြေငြာချက်ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်အား ISIS အဖွဲ့မှခြိမ်းခြောက်မှုအပေါ် မြန်မာ မွတ်စလင်မ် လူ့အဖွဲ့အစည်းများမှ ကြေငြာချက်ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၄ ။  ။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ ISISက မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် အစိုးရအရာရှိကြီးများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ရာတွင် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်နေသည့်အပေါ် မြန်မာ မွတ်စလင် လူ့အဖွဲ့အစည်းများက အထူးစိုးရိမ်နေကြောင်း သြဂုတ်လ ၃ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။ 

“ISISရဲ့လုပ်ဆောင်ချက်တွေက ကျမတို့ရဲ့ ဒီလူထုခေါင်းဆောင်အပေါ်မှာ ခြိမ်းခြောက်နေတယ်ဆိုပြီးတော့ သတင်းတွေမှာ ခုတွေ့လိုက်ရတယ်။ သတင်းတွေမှာတွေ့လိုက်ရတဲ့အခါ ကျမတို့ရဲ့ စိတ်ခံစားချက်က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်းရှိတယ်။ ပြီးတော့ ကျမတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အပြည့်အဝ ကာကွယ်သွားမယ်။ နောက်ISIS ရဲ့လုပ်ရပ်တွေက ကျမတို့ အစ္စလာမ် ဘာသာဝင်ရဲ့ သွန်သင် ဆုံးမချက်နဲ့ လွဲချော်တဲ့အတွက် အစ္စလာမ်အမည်ခံထားတဲ့ ISIS ရဲ့ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို အပြင်းအထန် ကိုကန့်ကွက်ပါတယ်။ ” ဟု Social Alliance ၏တာဝန်ခံ ဒေါ်ဒါလီမြင့်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် အစိုးရအရာရှိကြီးများ၏ အသက်အန္တရာယ်ကိုခြိမ်းခြောက်သော ISISတို့၏ ပေးပို့စာမှာပစ်စာ အဆင့်သာရှိကြောင်း၊ သို့ရာတွင် ထိုစာ၏ ဂယက်ကြောင့် မြန်မာနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သော လူမှုရေးပြသာများကို အကြောင်းပြုကာ နားလည်မှုလွဲမှားမှုများဖြစ်ပေါ်လာခြင်းကို မလိုလားဘဲ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့်အတွက် ကြိုတင်ဟန့်တားသော အနေဖြင့် ထိုကြေငြာချက်ကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု Yway Lat Yar Institute ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးနိုင်အောင်မင်းက ဆိုသည်။

“အဲ့စာရဲ့ခိုင်မာမှုနဲ့ ပတ်သတ်ပြီးတော့ တကယ်တရားဝင်ထုတ်တဲ့ စာလားဆိုတာ အခုထိ ဘယ်ကမ္ဘာ့မီဒီယာမှာမှ တက်လာတာမရှိသေးဘူး။ ISIS တို့ကျတော့လည်း သူတို့ရဲ့လှုပ်ရှားမှုနဲ့ပတ်သတ်ပြီးတော့ ခိုးကြောင် ခိုးဝှက်နဲ့ လုပ်တဲ့ အဖွဲ့အစည်းမျိုးသိပ်မဟုတ်ဘူး။ ဥရောပလို့နိုင်ငံတွေကိုတောင်မှ အကြမ်းမှုတွေကို တရားဝင်အသိပေးပြီးလုပ်တာဆိုတော့ ပစ်စာရဲ့ ရည်ရွယ်ချက်က ကျနော်ထင်ပါတယ် ဒီမလေးရှားမှာရှိတဲ့ အစိုးရပိုင်းနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေနဲ့ပဲ ဆက်နွယ်နေတယ်လို့ပဲ ကျနော်တို့ကတော့ ယေဘုယျမှတ်ချက်ချလို့ရတာပေါ့။” ဟု ဦးနိုင်အောင်မင်းကဆိုသည်။

မြန်မာမွတ်စလင်များသည် မည်သို့သော အခြေအနေတွင်မှ တရားမဲ့ အကြမ်းဖက်မှုများကို လုပ်ဆောင်သည် မဟုတ်သည့်အပြင် ပြည်တွင်းပြည်ပအကြမ်းဖက်မှု၊ ခြိမ်းခြေက်မှုများကိုလည်း ဘာသာစုံ၊ လူမျိုးစုံ တိုင်းရင်းသားပြည်သူများနှင့် ခိုင်ခိုင်မြဲမြဲလက်တွဲကာ ပြတ်ပြတ်သားသားတိုက်ဖျက် သွားမည်ဖြစ်ကြောင်း ကြေညာချက် ၇တွင်ပါရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags