မန္တလေး မတ္တရာ လမ်းဘေးရှိ ကျူးကျော်ဆိုင်များ ၁၆ ရက်နေ့ နောက်ဆုံးဖယ်မပေးလျှင် တည်ဆဲ ဥပဒေဖြင့် အရေးယူမည်

မန္တလေး မတ္တရာ လမ်းဘေးရှိ ကျူးကျော်ဆိုင်များ ၁၆ ရက်နေ့ နောက်ဆုံးဖယ်မပေးလျှင် တည်ဆဲ ဥပဒေဖြင့် အရေးယူမည်

မန္တလေး၊ သြဂုတ် ၄ ။                  ။ မန္တလေးမြို့တိုင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာ - မန္တလေး လမ်းဘေးရှိ ကျူးကျော်ဆိုင်များကို သြဂုတ်လ ၁၆ ရက် နောက်ဆုံးထားဖယ်ရှားပေးရန် အကြောင်းကြားစာများကို ပုသိမ်ကြီးမြို့နယ် လမ်းဦးစီးဌာနက သြဂုတ်လ ၄ ရက် နံနက်ပိုင်းက လိုက်လံ ပေးဝေလျှက်ရှိသည်။

"လမ်းနယ်နဲ့ မလွတ်တဲ့ ဆိုင်တွေကို ဖယ်ခိုင်းတာပါ။ အဆောက်အဦးတွေဖယ်ခိုင်းတာပါ။ ဈေးရောင်းခွင့်မပိတ်ပါဘူး "ဟု ပုသိမ်ကြီးမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ္တရာ - မန္တလေး လမ်းဘေး ဝဲယာတစ်လျှောက်တွင် ဆီဆိုင်တန်းများလည်းရှိပြီး ထိုဆိုင်များကို အကြောင်းကြား စာ  ပေးခြင်းမရှိခြင်းကြောင့် အကြောင်းကြားစာ အပေးခံရသည့် လမ်းဘေးဆိုင်အချို့မှာ ဖယ်ရှားပေးမည်မဟုတ်ဟုလည်း ဆို သည်။

" ကျွန်မတို့ ဆိုင်အသေးလေးကြတော့ အခုလို စာပို့ဖယ်ခိုင်းတယ်။ လမ်းပေါ်မေးတင်ပြီး ဆီးဆိုင်တွေ ဆောက်ရောင်း နေကြတာတော့ ဘာမှမလုပ်ဘူးဆိုရင် ကျွန်မတို့လည်း ဖယ်မပေးနိုင်ပါဘူး။ မျှမျှတတလုပ်ဖို့လိုပါတယ်" ဟု လမ်းဘေး တွင် မုန့်စုံရောင်းနေသည့် မနှင်းကပြောသည်။

လမ်းဘေးတစ်လျှောက် ဆိုင်ဖွင့်ရောင်းချနေသူ အများစုသည် လမ်းဘေး အနီးရှိရွာများမှဖြစ်ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရောင်းချနေသူများဖြစ်ကြောင်းလည်း သိရသည်။

"ကျွန်တော်တို့က တောင်ပြုံးရက်လေး အားတင်းရောင်းရမှာပါ။ ဆိုင်ဆိုတာလည်း အခုမြင်တဲ့အတိုင်းပဲ တွန်းလှဲလို့ရ ပါ တယ်။ လမ်းနဲ့ကလည်း အလွှတ်ကြီးပါ။ ဘာဖြစ်ဖြစ် ကျွန်တော်လမ်းဘေးဆိုင်လေးတွေကိုပဲ ရမယ်ရှာနေတယ် "ဟု အ အေးဆိုင်ဖွင့်ထားသည့် ကိုသန်းခိုင်က ပြောသည်။

အဆိုပါ မန္တလေး - မတ္တရာလမ်းဘေးတွင် ရောင်းချနေသာဆိုင်များအနေဖြင့် သတ်မှတ်ရက်အတွင်း ဖယ်ရှားမပေးပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly