နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အဆုတ်ရောင်ရောဂါတစ်မျိုး ကူးစက်မှုကြောင့် လူ ၂၂ ဦး သေဆုံး

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အဆုတ်ရောင်ရောဂါတစ်မျိုး ကူးစက်မှုကြောင့် လူ ၂၂ ဦး သေဆုံး
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့အား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

ချင်းမိုင်၊ သြဂုတ်လ ၄ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် နမိုးနီးယား ခေါ် အသက်ရှူ လမ်းကြောင်းတွင် ဗိုင်းရပ်ပိုးဝင်ရောက်သည့် ကူးစက်ရောဂါကြောင့် သြဂုတ်လ ၃ရက်နေ့ထိ နှစ်လအတွင်း ကလေးငယ် ၂၂ ဦးထိ သေဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းအား နာဂလွတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ဆရာဝန်များက သြဂုတ်လ ၃ရက်နေ့ ညပိုင်းက မဇ္ဈိမသို့ အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါပါ ကူးစက်ရောဂါသည် ပြီးခဲ့သည့် ဇွန်လမှ စတင်ဖြစ်ပွားခဲ့ပြီး လဟယ်မြို့နယ် ထန်ခိုနောက်ကုန်း၊ ထန်ခိုလမ်းမှား ကျေးရွာ နှစ်ရွာတွင် လက်ရှိအချိန်ထိ  ပြင်းပြင်းထန်ထန် ရောဂါကူးစက်ခံနေရသူ ၄၀ ဦးခန့်ရှိနေဆဲ ဖြစ်၍ မြို့နယ် ကျန်း မာရေးအဖွဲ့မှ ရောဂါ ဖြစ်ပွားနေသည့် ကျေးရွာများသို့ ကွင်းဆင်း၍ ဆေးကုသပေးနေဆဲ ဖြစ်ကြောင်း နာဂဦးစီး အဖွဲ့ဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကာစီရန်းက ပြောသည်။

“ဒီရောဂါက ဖြစ်ပွားနေတုန်းဘဲ။ အနီးကပ် ဆရာဝန်တွေနဲ့ ကြပ်မတ်ပြီးတော့ ဆေးကုသမှုကတော့ လုပ်နေပါတယ်။ ရောဂါမပြန့်အောင်တော့ ကွင်းဆင်းပြီးတော့ ကုသပေးနေပါတယ်။ ဇွန်လကနေ ဒီနေ့ ၃ ရက်နေ့ထိ သေဆုံးတာက ၂၂ ယောက်ဖြစ်သွားပါပြီ။ အခုက ဆေးရုံထိမရောက်နိုင်ဘူး။ ကျေးရွာလူထုတွေရဲ့ စီးပွားရေး အခက်အခဲ တွေတော့၊ လမ်း ပန်းဆက်သွယ်ရေးခက်ခဲတော့လေ ရွာမှာဘဲ ဆေးကုသပေးနေရတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၅ ရက်နေ့တွင် တိုင်းကျန်းမာရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးအဖွဲ့အစည်းများက ရောဂါဖြစ်ပွားနေသော ကျေးရွာများသို့ သွားရောက်၍ အဆိုပါ ရောဂါလက္ခဏာ ဖြစ်ပွားမှုကို စစ်ဆေးသွားရန် ရှိသည်ဟုလည်း သူက ပြောသည်။

“ ကလေးငယ်တွေမှာအများဆုံးဖြစ်တယ်။  အဆက်မပြတ် ချောင်းဆိုးတယ်။ မျက်စိတွေ နီလာတယ်။ ပြီးရင် ကိုယ်မှာ အရည်ဖုလေးတွေ ပေါက်တယ်။ ပြင်းထန်လာတဲ့ ကလေးတွေဆိုရင်   ချောင်းဆိုးရင် သွေးပါတယ်။ အဲဒီလို အနေအထားတွေနဲ့ နောက်ပိုင်း အသက်ရှူ လမ်းကြောင်းပိတ်ပြီးတော့မှ သေဆုံးတဲ့ သဘောတရားလေးတွေတော့ တွေ့ရတယ်”ဟု ဆိုသည်။

လက်ရှိ အချိန်ထိ ရောဂါ ဖြစ်ပွားမှု ရှိနေဆဲ ဖြစ်သော်လည်း ကူးစက်ပျံ့နှံ့မှုက အနည်းငယ် လျော့နည်းလာပြီ ဖြစ်ကြောင်း သိရသည်။

ရောဂါကူးစက်ခံရ၍ သေဆုံးသူများသည် လဟယ်မြို့နယ် ဆေးရုံသို့ တက်ရောက်ကုသခြင်း မရှိဘဲ ကျေးရွာများ တွင် သာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း လက်ရှိတွင် မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ ကျေးရွာများသို့ ကွင်းဆင်း ကုသပေးနေ သဖြင့် ယခင်ထက် ရောဂါကုသမှု တိုးတက်မှုရှိလာပြီ ဖြစ်ကြောင်း လဟယ်မြို့နယ် ဆရာဝန် ဒေါက်တာဟိန်းထွဋ်ဆွေက ပြောသည်။

“ကျနော်ကတော့ ARI နမိုးနီးယား၊ ပြင်းထန် နမိုးနီးယားလို့ ပြောရမှာပေါ့။ ဆေးရုံကို တယောက်မှ ရောက်မလာဘူး။ ကျနော်တို့မှာလည်း လူမှုကူညီရေးအဖွဲ့လည်း မရှိဘူး။ မြိုနယ်ဆေးရုံကို လာပို့ပေးပါပြောလည်း ရွာသားတွေက တယောက်မှ လာမပို့ကြဘူး။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပို့ပေးမဲ့လူ မရှိလို့လား။ ဆေးရုံမတက်ချင်လို့လား အဲဒီလို အခက်အခဲဖြစ်နေတာ။ ကျနော်တို့က ဆေးရုံ တက်ပြီး လာကုသစေချင်တာ”ဟု သူက မဇ္ဈိမကို ပြောသည်။

အများအားဖြင့် မွေးကင်းစကလေးငယ်များ၊ ကလေးငယ်များနှင့် အသက် ၆၅ နှစ်အထက် လူကြီးများတွင် အဆုတ်ရောင် နမိုးနီးယားရောဂါ ပိုမိုခံစားရသည်ဟု သိရသည်။

အဆိုပါ ကျေးရွာများသည် တောင်ပေါ်ဒေသဖြစ်၍ ရေရှားပါးသလို၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ လူနေမှုအဆင့်နှိမ့်ကျခြင်းများကြောင့် ရောဂါ ကူးစက်မှု ပိုမိုဖြစ်ပွားရခြင်း   ဖြစ်သည်ဟု   ဒေါက်တာဟိန်းထွဋ်ဆွေက ပြောသည်။

လက်ရှိ ဖြစ်ပွားနေသော ကူးစက်ရောဂါကို ပြင်းထန် နမိုးနီးယား ဟုခေါ်ဆိုပြီး ဗိုင်းရပ်ရောဂါပိုးများ အသက်ရှူလမ်း ကြောင်းအတွင်း ဝင်ရောက်လာ၍ အဆုတ်အတွင်း လေအိတ်များ   ယောင်ရမ်းလာ၍   ပြည်တည်လာသဖြင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ မျက်လုံးနီလာခြင်း၊ မျက်စီကျိန်းခြင်း၊ အရည်ပြားတွင် အနီကွက်များ ထွက်လာခြင်း စသည့် လက္ခ ဏာများ ဖြစ်ပေါ်လာကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly