ကလေး မမွေးပေးနိုင်၍ဟုဆိုကာ မိန်းမဖြစ်သူ၏ လက်နှစ်ဖက်စလုံးကို ယောကျ်ားဖြစ်သူက ခုတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ကင်ညာတွင် ဖြစ်ပွား

ကလေး မမွေးပေးနိုင်၍ဟုဆိုကာ မိန်းမဖြစ်သူ၏ လက်နှစ်ဖက်စလုံးကို ယောကျ်ားဖြစ်သူက ခုတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ကင်ညာတွင် ဖြစ်ပွား

သြဂုတ် ၄ ။               ။ အိမ်ထောင်သက် ခုနစ်နှစ်ကြာ ပေါင်းသင်းလာခဲ့သော်လည်း မိမိအတွက် သားသမီးမွေးမပေးနိုင်၍ ဟုဆိုပြီး လင်ယောကျ်ားက ဇနီးဖြစ်သူ၏ လက်များကို ခုတ်ဖြတ်ပစ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ကင်ညာနိုင်ငံတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လင်ယောကျ်ားဖြစ်သူ၏ ရက်ရက်စက်စက် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဂျက်လိုင်း အမ်ဝင်ဒီ ဆိုသူ ကင်ညာအမျိုးသမီးမှာ လက်နှစ်ဖက်စလုံး ပြတ်သွားခဲ့ပြီး ဦးခေါင်းတွင်လည်း ဓါးဒဏ်ရာများရရှိကာ နေအိမ်မှ ထွက်ပြေးခဲ့ရသည် ဟုသိရသည်။

ခင်ပွန်းဖြစ်သူ စတီဖင် အန်ဂီလာ ဆိုသူမှာ ဇူလိုင်လ ၂၃ ရက်က ၎င်းတို့ နေအိမ်တွင် ဂျက်လိုင်းအား ဓါးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ဦးခေါင်းဓါးဒဏ်ရာများကြောင့် သူမ၏ နားတစ်ဘက်လည်း မကြားရတော့ဟု သတင်းများတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နောက်ပိုင်း ရဲတပ်ဖွဲ့က တိမ်းရှောင်သွားသော အန်ဂီလာ အား ချက်ချင်းလိုက်လံရှာဖွေခဲ့ရသည်။ သို့သော်  ဆေးရုံတက်ရောက်ကုသမှု ခံယူနေရသော ဇနီးဖြစ်သူ အမ်ဝင်ဒီထံသို့  လာရောက်ကြည့်ရှုခဲ့ပြီး နောက်တစ်နေ့တွင် အန်ဂီလာအား ရဲများက ဖမ်းဆီးမိခဲ့သည်။

ယခုဖြစ်စဉ်တွင် ကလေးမမွေးပေးနိုင်၍ ဟု ဇနီးဖြစ်သူကို တိုက်ခိုက်ခဲ့သည်ဟု အန်ဂီလာက ထုတ်ဖော်ပြောကြားထားသော်လည်း တကယ်တမ်း မျိုးပွားမှုဆိုင်ရာ ပြဿနာရှိနေသူက ဇနီးဖြစ်သူ ဂျက်လိုင်းမဟုတ်ဘဲ ခင်ပွန်းဖြစ်သူ အန်ဂီလာသာ ဖြစ်သည်ဟု နိုင်ရိုဘီ ဆေးရုံတစ်ရုံက ထုတ်ဖော်ပြောကြားလာခဲ့သည်။

ယခုအခါ အဆိုပါဖြစ်စဉ်အပေါ် လူအများက ဝိုင်းဝန်းပြစ်တင်ရှုံ့ချလျက်ရှိပြီး ယင်းလုပ်ရပ်မှာ လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ပြောကြားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly