မြောက်ကိုရီးယားစမ်းသပ်သည့် ဒုံးကျည် ဂျပန်ရေပိုင်နက်ထဲ ကျရောက်

မြောက်ကိုရီးယားစမ်းသပ်သည့် ဒုံးကျည် ဂျပန်ရေပိုင်နက်ထဲ ကျရောက်

ပြုံယမ်း၊ သြဂုတ် ၄ ။            ။ မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်သည့် ဒုံးကျည်သည့် ဂျပန်နိုင်ငံ၏ ရေပြင်အတွင်း ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ပြောသည်။

မြောက်ကိုရီးယားအရှေ့ဖက်ကမ်းခြေမှ သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် ပစ်လွှတ်လိုက်သည့် ဒုံးကျည်သည် အကွာအဝေး မိုင် ၆၂၀ အထိ ရောက်ရှိပြီး မြောက်ကိုရီးယားပစ်လွှတ်သမျှတွင် အရှည်ဆုံးရောက်ရှိသည့် ဒုံးကျည်ဖြစ်သည်။

နိုင်ငံကို အကြီးအကျယ် ခြောက်လှန့်ခြင်းဖြစ်သည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံအား ကုလသမဂ္ဂက နျူကလီးယားစီမံကိန်းများနှင့် ဒုံးကျည်စမ်းသပ်ခြင်းများအပေါ် ကန့်သတ်ထားသည်။

သို့သော် အမေရိကန်နှင့် တောင်ကိုရီးယားတို့က တောင်ကိုရီးယားနိုင်ငံတွင် ဒုံးခွင်းဒုံးစနစ်တပ်ဆင်ရန် စီစဉ်လိုက်ပြီးနောက်ပိုင်း မြောက်ကိုရီးယားက ကိုယ်ထိလက်ရောက်တုံ့ပြန် သွားမည်ဟု ကြွေးကြော် ထားသည်။

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့် လများအတွင်း ဒုံးကျည်စမ်းသပ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ယခုပစ်လွှတ်သည့် မြောက်ကိုရီးယားဒုံးကျည်သည် ဂျပန်ပတ်လည် ရေပြင် မိုင် ၂၀၀ အတွင်း အထူးစီးပွားရေးဇုန်အတွင်း ကျရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တောင်ကိုရီးယားနိုင်ငံက ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးကလည်း မြောက်ကိုရီးယားပစ်လွှတ်သည့် ဒုံးကျည်သည် တာလတ်ပြေး Rodong အမျိုးအစား ဒုံးကျည်ဖြစ်ဖွယ်ရှိကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly