အကြမ်းဖက်မှုကျုးလွန်လျှင် အသက် ၁၂ နှစ်မှစကာ ထောင်ချရန် အစ္စရေးအတည်ပြု

အကြမ်းဖက်မှုကျုးလွန်လျှင် အသက် ၁၂ နှစ်မှစကာ ထောင်ချရန် အစ္စရေးအတည်ပြု

ဂျေရုဆလင်၊ သြဂုတ် ၃ ။                ။ အစ္စရေးနိုင်ငံက လွှတ်တော်အမတ်များက အစွန်းရောက်အကြမ်းဖက်မှုများ ကျုးလွန်လျှင် အသက် ၁၂ နှစ်မှစကာ ထောင်ဒဏ်ချမှတ်ရန် အတည်ပြုလိုက်ကြသည်။ ငယ်ငယ်ရွယ်ရွယ်ပါလက်စတိုင်းလူငယ်လူရွယ်လေးများ၏ တိုက်ခိုက်မှုများ ထပ်ကာဖြစ်ပွားလာခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း လွှတ်တော်က သြဂုတ် ၃ ရက်၌ ပြောသည်။

“အာဏာပိုင်အဖွဲ့အား ထောင်ဒဏ်ချမှတ်နိုင်ခြင်း အခွင့်အာဏာပေးထားသည့် ကလေးသူငယ်ဥပဒေဖြင့် လူသတ်မှု၊ လူသတ်ဖြတ်ရန် ကြံစည်မှုကဲ့သို့ ရာဇဝတ်မှုများတွင် အသက် ၁၄ နှစ်အရွယ်များပါ အကျုံးဝင်စေရမည်”ဟု လွှတ်တော်ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုပြင် ယင်းထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် လများအတွင်းက အရွယ်မရောက်သေးသူများ၏ ပြင်းထန်သည့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းကိုလည်း ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် “ဓားတစ်လက်ဖြင့် လူသတ်ရန် ကြံစည်ခြင်းသည် အသက် ၁၂ ပဲဖြစ်စေ၊ ၁၅ နှစ်ပဲဖြစ်စေ ပြစ်မှုပင်ဖြစ်ကြောင်း” ဝန်ကြီးချုပ်နေတန်ယာဟု၏ လီကွတ်ပါတီမှ အမတ်တစ်ဦးနှင့် ဥပဒေကြမ်းအား ထောက်ခံသူတစ်ဦးဖြစ်သော Anat Berko ၏ ပြောဆိုမှုကို ကိုးကားဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစကာ ပါလက်စတိုင်းတို့ ပိုင်နက်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပွား၍ ပါလက်စတိုင်း ၂၁၈ ဦး၊ အစ္စရေး ၃၄ ဦး၊ အမေရိကန် နှစ်ဦးနှင့် အခြားနိုင်ငံသား နှစ်ဦးတို့ သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာန စစ်တမ်းအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags