အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက် မကျေနပ်၍ အလုပ်သမားများ ဆန္ဒပြမည့်အစီအစဉ် ကန့်သတ်ချက်အချို့ ရှိနေ

အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက် မကျေနပ်၍ အလုပ်သမားများ ဆန္ဒပြမည့်အစီအစဉ် ကန့်သတ်ချက်အချို့ ရှိနေ
ရန်ကုန်တိုင်းအတွင်း စက်ရုံတစ်ခုမှ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ ဇူလိုင် ၁၀ ။         ။ အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက တစ်နေ့ ကျပ် ၃၆၀၀ သတ်မှတ်လိုက်သည့်အပေါ် အလုပ်သမားများက ကျပ်လေးထောင်တိုးပေးရေး ဇူလိုင် ၁၂ရက်၌ ဆန္ဒပြတောင်းဆိုရန် ခွင့်ပြုမိန့်ရပြီဖြစ်သော်လည်း ခွင့်ပြုမိန့်တင်သည့် မြို့နယ် နှင့် ကြွေးကြော်မည့် စာသားအချို့ ကို ကန့်သတ်ထားသည်ဟု စံကောင်းပီနံအိတ်စက်ရုံမှ အခြေခံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်စိုးမင်း က မဇ္ဈိမကိုပြော သည်။

"ခွင့်ပြုမိန့်ကတော့ ကျပြီလို့ စောစောကပြောတယ်။ ဆန္ဒဖို့ခွင့်ပြုမိန့်ကို တိုင်းဦးစီး ညွန်ကြားချက်ဆိုပြီး မိမိမြို့နယ်ထဲမှာ စုဝေးခွင့် မပြုဘူး၊ ဆွေးနွေးဟောပြောမယ့်နေရာက တာမွေ ဟစ်တိုင်မှာပဲလို့ပြောတယ်။ ကျွန်တေ်ာတို့ကတော့ အဆင်ပြေအောင်တော့ လုပ်ရမှာပဲ ခုလောဆယ် ခွင့်ပြုမိန့်က အရင်ရဖို့ အရေးကြီးတယ်"ဟု ၎င်းကပြောသည်။

လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းမကြီးအတိုင်း စက်မှုဇုန် (၃)သို့ ချီတက်ဆန္ဒပြရန် လှိုင်သာယာမြို့နယ် ရဲစခန်းတွင် ခွင့်ပြုမိန့် လျှောက်ထားခဲ့သော်လည်း တာမွေမြို့နယ်ရှိ ဟစ်တိုင်တွင်သာ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ကြွေးကြော်မည့် စာသားတွင် "အလုပ်သမား အရေးတော်ပုံ အောင်ရမည်" ကို ခွင့်မပြုဘဲ ၊ "အမျိုးသားကော်မတီက အဆိုပြုထားသည့် ကျပ် ၃၆၀၀ကို အလိုမရှိ" ဟူသည့် စာသားကို ပြင်ဆင်ခိုင်းထားသည်ဟု ကိုအောင်စိုးမင်းက ပြောသည်။

ဆန္ဒပြရာတွင် စံကောင်းပီနံအိတ်စက်ရုံ၊ ရွေစွမ်းရည် ပီနံအိတ်စက်ရုံ၊ Galand အိုရှင်း အအေးခန်းစက်ရုံ၊ မြန်မာပလိပ်ပြား စက်ရုံ များ အပါအဝင် အထည်ချုပ်၊ သကြားလုံးစက်ရုံ စသည့် စက်ရုံ ၁၀ရုံခန့်က အလုပ်သမားများက ဇူလိုင် ၁၂ရက်တွင် ပူးပေါင်း ဆန္ဒပြမည်ဖြစ်သည်။

ဆန္ဒပြရာတွင် အလုပ်သမားအင်းအား သုံးထောင် ဝန်းကျင်ဖြင့် ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကာ အစိုးရက သတ်မှတ်ပေးသည့် ၃၆၀၀သည် အလုပ်သမားများ၏ စားဝတ်နေရေး နှင့် လူမှုအခြေအနေ ဖူလုံမှု မရှိသောကြောင့် ကျပ် ၄၀၀၀ တိုးပေးရန် ဆန္ဒပြ မည်ဖြစ်သည်။

အနိမ်ဆုံးလုပ်ခလစာကို တစ်နာရီလျှင် ၄၅၀၊ တစ်နေ့ ၃၆၀၀ကျပ်အဖြစ် ဇွန်လ ၂၉ရက်က သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ဦးနှင့်အောက် ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများ နှင့် သက်ဆိုင်မှု မရှိဟု ဖော်ပြထားသည်။

အဆိုပြုထားသည့် အနည်းဆုံး အခကြေးငွေနှုန်းထား နှင့် ပတ်သက်၍ သတ်မှတ်သည့်နေ့မှ ရက်ပေါင်း ၆၀အတွင်း ကန့်ကွက်မှု ရှိပါက ပြန်လည် ပြင်ဆင်သွားမည်ဖြစ်ပြီး ကန့်ကွက်မှု မရှိပါက အတည်ပြုမည်ဖြစ်သည်။

လက်ရှိတွင် အလုပ်ရှင် အလုပ်သမား နှစ်ဖက်လုံးက ကန့်ကွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly