စီးပွားရေးမူဝါဒကို အစိုးရက လက်တွေ့ကျကျ လုပ်ဆောင်ရန်လိုအပ်

စီးပွားရေးမူဝါဒကို အစိုးရက လက်တွေ့ကျကျ လုပ်ဆောင်ရန်လိုအပ်
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်က နေပြည်တော်တွင် ရိပ်သိမ်းပြီးစပါးများသိမ်းဆည်းနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရဲမင်း

ရန်ကုန်၊ သြဂုတ် ၂ ။  ။ ဇူလိုင်(၂၉)ရက်က အစိုးရက ထုတ်ပြန်လိုက်သည့် စီးပွားရေးမူဝါဒသည် ရည်ရွယ်ချက်ကောင်းမွန်သော်လည်း  အကြောင်းအရာ ကျယ်ဝန်းသည့်အတွက် အစိုးရအနေဖြင့် လက်တွေ့ကျကျလုပ်ဆောင်ရာတွင် အခက်အခဲရှိနိုင်ေကြောင်း ကမ္ဘာ့ရတနာဘဏ် ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး (မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူး အငြိမ်းစား) ဒေါက်တာလှညွှန့်ကဆိုသည်။

“ဒီစီးပွားရေးမူဝါဒကို ဖတ်လိုက်ရတော့ ထောင့်စုံသွားတယ်ပေါ့။ အခြေခံကော၊ အလတ်စား၊ အသေးစား လုပ်ငန်းတွေကော ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေလည်းရှိတယ်။ သူများနိုင်ငံလုပ်သလို ဆရာတို့နိုင်ငံမှာ ပုံတူကူးချဖို့မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့သွားနေတဲ့ စီးပွားရေးမူဝါဒနဲ့ ကိုယ့်တိုင်းပြည်ရဲ့ လက်ရှိအခြေအနေနဲ့ သဟာဇာတဖြစ်ဖို့လိုတယ်”ဟု ဒေါက်တာလှညွှန့်က မဇ္ဈွိမကို ပြောသည်။

စီးပွားရေးမူဝါဒမှာလက်ရှိတွင် မူကြမ်းမျှသာရှိသေးပြီး အစိုးရသက်တမ်း ၅နှစ်တွင်ဖော်ဆောင်မည့် အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း Thura Swiss ကုမ္ပဏီမှ CEO ဦးအောင်သူရကပြောသည်။

“အဓိကတော့ တိုင်းပြည်တစ်ခုလုံးကိုတိုးတက်စေချင်တယ်ဆိုရင် ဒီစီးပွားရေးဘက်က တိုးတက်ဖို့လိုတယ်။ အစိုးရ အနေနဲ့က မြန်မာပြည်တစ်ခုလုံးရဲ့ စီးပွားရေးတိုးတက်လာဖို့ကိုစဉ်းစားဖို့လိုမယ်” ဟု ဦးအောင်သူရက ဆိုသည်။

အစိုးရက ချမှတ်လိုက်သည့် စီးပွားရေး မူဝါဒတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်စေသည့် စီးပွားရေး အခြေအနေကောင်းရရေး၊  နိုင်ငံသားများ ပူးပေါင်းပါဝင်ပြီး တီထွင်ဆန်းသစ်မှု နှင့် ကြိုးပမ်းအားထုတ်မှုဖြင့် တိုးတက်သည့် ရလာဒ်ကောင်းများကို ထိန်းသိမ်းနိုင်သည့် စီးပွားရေးစနစ် ထူးထောင်ရေးစသည့် နိုင်ငံ၏ ရည်မှန်းချက်များ အပါအဝင် စီးပွားရေးမူဝါဒတွင် ၁၂ရပ်ကို ပါဝင်သည်။

အစိုးရ၏ စီးပွားရေးမူဝါဒ အချက် ၁၂ ချက်

(၁) ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်း အမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်။
(၂) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန်ဆောင်ရွက်ခြင်း၊ ပြုပြင် ပြောင်းလဲလုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ် ဆောင်ခြင်းတို့အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက် အကူပြုသည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်။
(၃) ခေတ်မီဖွံ့ဖြိုးသောစီးပွားကိုဖြစ်ထွန်းနိုင်စေသည့် လူ့အရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရန်။
(၄) လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများ စသည့်အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာတိုးတက်လာစေရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် Data ID Card System၊ Digital Government Strategy နှင့် e-Government System တို့ကို ထူထောင်သွားရန်။
(၅) ပြည်တွင်းနေနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေး ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းမြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတို အတွင်းပိုမိုဦးစားပေးဆောင်ရွက်ရန်။
(၆) ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့ အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာတိုးတက် လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံဖော်ထုတ်ရန်။
(၇) ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့ လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် မူဝါဒများ သီးခြား ရေးဆွဲဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် တိုးမြှင့် ဆောင်ရွက်ရန်။
(၈) အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်မည့် ငွေရေးကြေးရေးစနစ်ဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှု ရရှိလာစေရေးဆောင်ရွက်ရန်။
(၉) သဘာဝပတ်ဝန်းကျင်များကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် လိုက်လျောညီ ထွေဖြစ်စေမည့် မြို့ပြများ တည်ထောင်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆင့် မြှင့်တင်ရန်တို့အပြင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ တိုးချဲ့ဖော်ထုတ်ရန် နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုစောင့်ရှောက်ထိန်းသိမ်းရေးတို့အတွက် ဆောင်ရွက်ရန်။
(၁၀) နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသော အခွန်စနစ် ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်။
(၁၁) တီထွင်ဖန်တီးမှုစွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာ တိုးတက်မှုများကို အားထုတ်ကြိုးပမ်းဖြစ်ပေါ်နိုင်စေသည့် အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုအတွက် အထောက် အပံ့ဖြစ်စေသော နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းဆောင်ရွက်ရန်။
(၁၂) စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်း သာကမ အခြားဒေသများ အတွင်း၌လည်း တိုးတက်ပြောင်းလဲလာနိုင်ဖွယ်ရှိသော အခြေအနေ များကို ဖော်ထုတ်၍ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်ကောင်းများဖြင့် အခြေတည်ထူထောင်ရန် တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly