တယ်လီဖုန်းဆင်းကတ်များကို မှတ်ပုံတင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြေညာ

တယ်လီဖုန်းဆင်းကတ်များကို မှတ်ပုံတင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြေညာ

နေပြည်တော်၊ သြဂုတ် ၂ ရက် ။                ။ မြန်မာနိုင်ငံအတွင်း ပြည်သူများ၏ လုံခြုံရေးကို အကာကွယ်ပြုနိုင်ရန်နှင့် မိုဘိုင်းဘဏ်စနစ်၊ မိုဘိုင်းငွေလွှဲစနစ်၊ အွန်လိုင်းဈေးဝယ်သည့် ကိစ္စများတွင် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေးတို့အတွက် လက်ရှိ ပြည်သူများ အသုံးပြုလျှက်ရှိသော တယ်လီဖုန်း ဆင်းကတ်များကို မှတ်ပုံတင်ပြုလုပ်ကြရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သြဂုတ် ၁ ရက်က သတင်းထုတ်ပြန်လိုက်သည်။

မှတ်ပုံတင်ပြုလုပ်ထားသည့် တယ်လီဖုန်းဆင်းကတ်ပိုင်ရှင်များအနေနှင့် ပျက်စီး၊ ပျောက်ဆုံးမှုဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည် ရရှိသုံးစွဲနိုင်ရန်နှင့် တယ်လီဖုန်းနှင့် ဆက်စပ် အသုံးပြုလျှက်ရှိသည့် လုပ်ငန်းများ၏ လုံခြုံရေးတို့အတွက် သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာများသို့လည်း ဆင်းကတ် မှတ်ပုံတင်ပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆင်းကတ် မှတ်ပုံတင် ပြုလုပ်ရန်အတွက် လိုအပ်မည့်အချက် အလက်များမှာ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (သို့မဟုတ်) အခြား အကျုံးဝင်သည့် ကတ်ပြားအမှတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ Passport No (နိုင်ငံခြားသားများအတွက်သာ)၊ အဆိုပါ ကတ်ပြားများ မိတ္တူ၊ အဘအမည်၊ မွေး သက္ကရာဇ် (ရက်/လ/ခုနှစ်)၊ လူမျိုး/နိုင်ငံသား၊ ကျား/မ၊ နေရပ်လိပ်စာတို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မိုးဘိုင်းသုံးစွဲသူများအနေနှင့် မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ ဝန်ဆောင်မှုပေးခြင်းကို ယာယီရပ်စဲသွားမည်ဖြစ်ကြောင်းနှင့် စနစ်တကျမှတ်ပုံတင်ပြီးမှသာ ပြန်လည်သုံးစွဲပြုနိုင်မည် ဖြစ်ကြောင်းလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက အသိပေးကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly