ပေါလ်စခိုးနှင့် စီရော်နယ်ဒိုတို့မှာ သူ၏ကစားသမားဘဝတွင် အကောင်းဆုံးအသင်းဖော်များဟု ရွန်နီဖွင့်ဟ

ပေါလ်စခိုးနှင့် စီရော်နယ်ဒိုတို့မှာ သူ၏ကစားသမားဘဝတွင် အကောင်းဆုံးအသင်းဖော်များဟု ရွန်နီဖွင့်ဟ

သြဂုတ် ၂၊ အင်္ဂလန် ။                ။ မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နီက သူ၏ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးအသင်းဖော်နှစ်ဦးမှာ ပေါလ်စခိုးနှင့် စီရော်နယ်ဒိုတို့ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အဲဗာတန်လူငယ်အသင်းမှ ပေါ်ထွက်လာသည့် ရွန်နီသည် ၂၀၀၄ ခုနှစ်က မန်ယူသို့ရောက်ရှိလာခဲ့ပြီး ပေါလ်စခိုး၊ စီရော်နယ်ဒိုတို့နှင့်အတူ ပရီးမီးယားလိဂ်ဖလား ငါးလုံးနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သည်။

မန်ယူအသင်းတွင် ကစားခဲ့သည့် ၁၂ နှစ်တာကာလအတွင်း ရွိုင်ယန်ဂစ်၊ ရွိုင်းကိန်း၊ ရီယိုဖာဒီနန်နှင့်ဗီဒစ်တို့မှာ ကောင်းမွန်သည့် အသင်းဖော်များဖြစ်သော်လည်း ပေါလ်စခိုးနှင့်စီရော်နယ်ဒိုတို့နှစ်ဦးမှာ အကောင်းဆုံးဖြစ်ကြောင်း ရွန်နီက ပြောသည်။

‘ကျွန်တော်တွဲကစားခဲ့တဲ့ အထဲမှာတော့ ပေါလ်စခိုးနဲ့ရော်နယ်ဒိုတို့က အကောင်းဆုံးပါပဲ။ ပေါလ်စခိုးဟာ ဘောလုံးလောကမှာ ထာဝရအကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးပါ။ သူ့ရဲ့ ဘောလုံးပေးလို့မှု၊ သူ့ရဲ့ ဘောလုံးအမြင်နဲ့ ဘောလုံးပွဲတစ်ပွဲကို ထိန်းချုပ်ပုံတွေက တကယ်ကို မယုံကြည်နိုင်လောက်အောင်ပါပဲ။

စီရော်နယ်ဒိုကတော့ တကယ်ထူးခြားတဲ့ကစားသမားပါ။ သူက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးလည်း ဖြစ်သွားပါပြီ။ ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်လေ့ရှိတဲ့ပုံစံအတိုင်း ပြိုင်ပွဲထဲမှာ ပြုလုပ်နိုင်သူပါ။ မယုံကြည်နိုင်စရာပါပဲ။ သူက ဘောလုံးလောကမှာ အမြဲအမှတ်ရနေရမယ့် ကစားသမားတစ်ဦးပါ’ ဟု ရွန်နီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly