တတ်လည်း တတ်နိုင်ကြပါတယ်

တတ်လည်း တတ်နိုင်ကြပါတယ်
နေပြည်တော်လွှတ်တော်ရုံးတွင် ကျင်းပလျှက်ရှိသည့် ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ကျင်းပသည့် ပြည်သူ့လွှတ်တော်ခန်းမဆောင်အား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

အော် ..... မဟုတ်ဘူးတဲ့။ မဟုတ်တော့ဘူးတဲ့။ ဇူလိုင် ၂၂ ရက်က ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သိရှိစေရန် ပန်ကြားချက်ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အ ရေး ဆုံးရှုံး ကျပ်တည်းစေဖို့ ဗဟိုဦးစီးစနစ်ဆန်ဆန် ထုတ်ပြန်ခဲ့တာ မဟုတ်ပါတဲ့။ အရပ်ဘက် အဖွဲ့အ စည်းတွေနဲ့ ဆက်ဆံရေးကို ထိန်းချုပ်တာလည်း မဟုတ်ရပါတဲ့။ မိမိတို့ရဲ့ နိုင်ငံသား မူလအခွင့်အရေး များ အတိုင်းပါပဲတဲ့။ ပြည်သူ့လွှတ်တော်ရုံးက ဇူလိုင် ၂၆ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပဲပေါ့။

"လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်ဖြစ်စေ၊ လွှတ်တော်ရေးရာ ကေ်ာမတီဝင်အနေဖြင့် ဖြစ်စေ၊ မိမိတို့သဘောနှင့် မိမိတို့ တွေ့ဆုံပြီး မိမိဆန္ဒ သဘောထားများကို မိမိဘာသာ ဆွေးနွေးခြင်း သဘောထား မှတ်ချက်ပေးခြင်းတို့မှာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း မဟုတ်၍ လွှွတ်တော်နှင့် မသက်ဆိုင်ကြောင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။" လို့လည်း လွှတ်တော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အော် ..... ပေါက်ပြီ၊ ပေါက်ပြီ။ လွှတ်တော်က သဘောတူ ခွင့်ပြုထားတဲ့ တွေ့ဆုံမှု၊ ဆွေးနွေးမှု၊ မဟုတ်ရင် လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ဟာ ရေးရာကော်မတီဝင်တစ်ယောက်ဟာ လွှတ်တော်ကို ကိုယ်စားမပြုဘူးဆိုတဲ့ သဘောပေါ့။

ဒါဖြင့်ရင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးဆိုရင် လွှတ်တော်ကို ကိုယ်စားပြုချင် တယ်ပေါ့။ အဲဒီလို ယူဆလို့ရနိုင်မလား။ ဒါမှမဟုတ် လွှတ်တော်အပမှာ ဘာဆိုဘာမှ မပြောစေချင်တာ ကို အလိမ္မာသုံးပြီး ထုတ်ပြန်လိုက်တာလား။ မီဒီယာတွေနဲ့ အင်တာဗျူးရင်ရော လွှတ်တော်ကိုယ်စား လှယ်ဟာ ကိုယ်စားလှယ်အဖြစ်နဲ့ အဗျူးခံရမှာလား။ သာမန်ပြည်သူအဖြစ်နဲ့ အဗျူးခံရမှာလား။ မောင်မှန် ပေါက်လိုက်၊ မပေါက်လိုက် ပြန်ဖြစ်သွားပါတယ်ခင်ဗျာ။

၂၂ ရက်တုန်းက ပန်ကြားချက်ကို မောင်မှန် ဝေဖန်ရေးသားခဲ့ဖူးရဲ့။ ၂၆ ရက်နေ့ သတင်းထုတ် ပြန်ချက်ကျ ဟိုလိုလို၊ ဒီလိုလို ဖြစ်သွားပြန်ရော။ ဆန္ဒတွေ မစောကြနဲ့။ စောင့်ကြည့်ပါဦးဆိုတဲ့ ပညာရှိ များစကား တကယ်မှန်တာပဲ။ ရှေ့မှာလည်း ကြုံခဲ့ရပြီးပါပြီ။ ကွမ်းကိစ္စတို့ ပင်လုံညီလာခံကိစ္စတို့ စတာ တွေလေ။ အခု နောက်တစ်ခု လာပြန်ပြီခင်ဗျ။ ဧည့်စာရင်းကိစ္စပါ။

အရင်တစ်ခေါက် အမျိုးသားလွှတ်တော်ကြီးက ဧည့်စာရင်း တိုင်ကြားတဲ့ကိစ္စကို အပြတ်သမ လိုက်တော့ မောင်မှန်တို့ ပြည်သူတွေ ပျော်လိုက်ကြရတာ။ ကန့်ကွက်သူတွေရှိနေတဲ့ကြားကပဲ မတိုင်ရေးကို အနိုင်ပေးလိုက်ရတယ်။ မောင်မှန်လည်း "ပြည်သူ့အတွက်ဆိုရင်ဖြင့်" ဆိုတဲ့ ဆောင်းပါး လေးရေးပြီး ဝမ်းသားခဲ့ဖူးတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတာ အဟုတ်ပဲ။ လူထုအတွက် အခြေခံအကျ ဆုံးဖြစ်တဲ့ ဧည့်စာရင်းကိစ္စလောက်ကစပြီး မြေလှန်ပစ်ရမှာ ဘာညာဆိုပြီး လေထဲ ရဲတိုက်ဆောက်မိခဲ့ ဖူးတယ်။ နောက်ထပ် ဘယ်လွတ်တော်မှာ ဘယ်လိုဆက်တင်ပြီး အဆုံးအဖြတ်တွေ ထပ်ယူကြဦးမလဲ ဆိုတာတော့ မောင်မှန်တို့ သတိမမူမိကြဘူး။ အပျော်လွန်ပြီး မေ့လျော့နေကြတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီရဲ့ ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်တဲ့ ကော်မတီရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာမှာ ဧည့်စာရင်း တိုင်ကြားရမယ်ဆိုတဲ့အချက်ကို ပြန်လည် ထည့်သွင်း ထားပါတယ်။ အဲဒါကို ပြန်လည်ထည့်သွင်းဖို့ ပြည်ထောင်စုလွှတ်တော် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ (ဒါက သူရဦးရွှေမန်း ဦးဆောင်တဲ့ ကော်မတီပါ အစော ပိုင်းတုန်းက ဖိနှိပ်ချုပ်ချယ်တဲ့ ဟို ဥပဒေတွေ ပြင်သင့်တယ်။ ဒီဥပဒေတွေ ပြင်သင့်တယ်နဲ့ အသံကျယ် ခဲ့တဲ့ ကော်မတီပေါ့။ ခုတော့ ..... ) ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကောင်မတီအဖွဲ့ဝင် များ ပြည်ထောင်စုရှေ့နေချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့က စိစစ်လေ့လာမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နဂိုမူလ ပြဌာန်းချက်ဖြစ်တဲ့ "..... ဧည့်စာရင်းစစ်ဆေးခြင်း ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက် လျှင် အရေးယူခြင်း" ဆိုတာကို အမျိုးသားလွှတ်တော်က ပါယ်ဖျက်ခဲ့တာပါ။ ဒါကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြန်လည့်ထည့်သွင်းထားပြီး "ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်လျှင် အရေးယူခြင်း" ဆိုတဲ့ စကားရပ်မှာ "တမင်'' ဆိုတာလေး ထပ်ဖြည့်ထားတယ်ခင်ဗျ။ ''ဧည့်စာရင်း တိုင်ကြားရန် တမင်ပျက်ကွက်လျှင် အရေးယူခြင်း''တဲ့။ ကျန်တာတွေ ခဏထားလို့ ဥပဒေကြမ်း ကော်မတီရဲ့တမင်ဆိုတဲ့ ဖြည့်စွက်စကားလုံးလေးအကြောင်းကို မောင်မှန် နားလည်သလို ဆွေးနွေး ကြည့်ချင်ပါတယ်။ ''တမင်'' ဆိုတာ ဘာညာဆိုပြီး မြန်မာစာ အဘိဓာန်လည်း လှန်မနေချင်တော့ ပါဘူး။

တမင်ဆိုတဲ့ စကားဟာ တကယ်တော့ အရပ်သုံးစကားပါ။ ''ဒီလူ တမင်သက်သက် ညစ်တာပဲ'' ''တမင်တကာ သွားမှ ရောက်မယ့်နေရာပါ။'' စသဖြင့် သုံးစွဲကြတယ်မို့လား။ ရှေးက ဆရာတစ်ချို့ ပြောသလို လူထုသုံး (အရပ်သုံး)ဘာသာကစကားကို သုံးနှုံန်းရေးသားပါမှ လူထုနဲ့ ပိုနီးစပ်နိုင်မယ် ထင်လို့ တမင်သုံးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မောင်မှန့်ကို ခွင့်လွှတ်ပါ။ မိချောင်းမင်း ရေခင်းပြသလို ဖြစ်သွားတာကို။ နောက်ပြီး တမင်ဆိုတဲ့ စကားဟာ တိကျမှု အားနည်းပါတယ်။ တမင် ဆိုတာ စိတ်ထဲကကိစ္စပဲ။ ခိုင်လုံအောင် ဘယ်လိုလုပ်မလဲ။ တကယ်ဖြစ်သင့်တာက ''ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်လျှင် .... '' ဆိုတာမျိုးပါ။

အမယ်လေးလေး မြန်မာစာအသုံးနှုန်းကိစ္စမို့သာ သိသလောက်ကလေး ဝင်ပြောရတာ တကယ်လည်း ကိုယ့်လည်ပင်း စွပ်မယ့် ကြိုးကို ကျစ်ပေးနေရတာမျိုးပဲ။ စကားလုံးသာ အဆင်ပြေပြေ မသုံးတက်တာ၊ ဥပဒေက ကြောက်စရာပါ။ ပြည်ခိုင်ဖြိုးအစိုးရက နောက်ကြောင်း မပြန်ပါဘူး။ ပြောခဲ့ သမျှ အခု နောက်ကြောင်း ပြန်နေကြတာပဲ။ အငြိမ်းစား သမ္မတကြီး ဦးသိန်းစိန်က (ဦး)ကျော်ဟိန်း အိုက်တင်နဲ့ ''ကျနော့်ကိုယ်စား ပြန်ပေးပါ'' လို့ မှာကြားခဲ့လေသလားပဲ။

ဧည့်စာရင်း အစစ်ခံရတာကိုထားဦး။ ဧည့်စာရင်းတိုင်ရတဲ့ ဒုက္ခကတင် မသေးလှဘူး။ မြန်မာ တစ်ပြည်လုံးက ပြည်သူတွေ လှိမ့်ခံနေကြရတာ။ ဧည့်စာရင်းစာရွက်ကြေး၊ စာအုပ်ကြေးဆိုတာတွေ ရှိတယ်။ မပေးရဘူး။ မယူရဘူး ဘယ်လောက်ပြောပြော လာဘ်ပေးလာဘ်ယူကိစ္စတွေလိုပဲ ပေးရမြဲ၊ ယူရမြဲပဲ။ အဲ. နောက်ပြီး ရပ်ကွက်ရုံးမှာ ဧည့်စာရင်း လာတိုင်ရသူတွေဟာ (လူအချို့မှအပ) အတော် မျက်နှာငယ်ရပါတယ်။ ဧည့်စာရင်း ခွင့်ပြုပေးမယ့် ပုဂ္ဂိုလ်ကြီးတွေကလည်း မျက်နှာကြီးတွေကိုချီလို့ သူတို့အပါးက အရန်မီးသတ်မင်းတွေကလည်း မျက်နှာကြီးတွေ တင်းလို့ဆိုတော့ ဧည့်စာရင်းတိုင်တဲ့ ပြည်သူခင်မျာ မျက်နှာ အောက်ချရတော့တာပေါ့။

ကိုယ့်ကို မမြင်မကြည်ဖြစ်သွားလို့ ဧည့်စာရင်း တစ်ပတ်ပေးနေကျဟာကို ဘာကြောင့် ညာကြောင့်ဆိုပြီး သုံးရက်ပဲပေးရင် ဘယ်လိုလုပ်မလဲ။ လုပ်ပိုင်ခွင့်က သူတို့လက်ထဲမှလေ။ မကြာ သေးမီက အော်ဒါအောက်လိုက်တဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီဆိုတာကြီးနဲ့ ဧည့်စာ ရင်း တွဲလိုက်လို့ကတော့ လား။ တစ်ပြည်လုံး ဝက်ဝက်ကွဲပြီသာမှတ်။ အမှောင်ခေတ်ထဲ ပြန်ရောက် သွားတော့မှာပါ။ စပ်မိလို့ ပြောရရင် ဟံသာဝတီ ဆရာ ဦးဝင်းတင်ကို ဧည့်စာရင်းမပေးတဲ့အတွက် ဆရာဟာ နေရာတွေ ရွှေ့ပြောင်းနေခဲ့ရဖူးပါတယ်။ နိုင်ငံရေးသမားကြီး ဦးထွေးမြင့်ကိုလည်း ဧည့်စာ ရင်းမှုနဲ့ ထောင်ချခဲ့ဖူးပါတယ်။ တကယ်တော့ ဧည့်စာရင်းဆိုတာ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးပါ။ ထွေးပြီးသားတံတွေး ပြန်မျိုတာ ရွံစရာကောင်းပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags