အင်ဒိုနီးရှားနိုင်ငံတွင် လွတ်လပ်ရေးနေ့၌ ဖမ်းမိငါးခိုးဖမ်းလှေသင်္ဘောများအား ဖျက်ဆီးနှစ်မြှုပ်မည်

အင်ဒိုနီးရှားနိုင်ငံတွင် လွတ်လပ်ရေးနေ့၌ ဖမ်းမိငါးခိုးဖမ်းလှေသင်္ဘောများအား ဖျက်ဆီးနှစ်မြှုပ်မည်

ဂျကာတာ၊ သြဂုတ် ၁ ။             ။ အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးနေ့တွင် နိုင်ငံ၏ ပိုင်နက်ရေပြင်ကျယ်အတွင်း ခိုးဝင်ငါးဖမ်းမှုများအား ဟန့်တားခြင်း လှုံ့ဆော်မှုတစ်ရပ်အနေဖြင့် ယခုလအတွင်း ဖမ်းဆီးရမိထားသော နိုင်ငံခြားငါးခိုးဖမ်းလှေသင်္ဘော ၇၁ စင်းအား ဖျက်ဆီးနှစ်မြှပ်ပစ်မည်ဖြစ်ကြောင်း အစိုးရဝန်ကြီးတစ်ဦးက သြဂုတ် ၁ ရက်၌ ပြောသည်။

ကမ္ဘာ့အကြီးဆုံး ကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် နိုင်ငံ၏ စီးပွားရေးအား နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးမှုဖြစ်ပေါ်နေစေသည်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက အတည်ပြုပြောကြားထားသော် ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းသည့် နိုင်ငံခြားငါးဖမ်းလှေသင်္ဘောများအား တားမြစ်နိုင်ရေး ကြိုးစားလုပ်ကိုင်နေရလျက်ရှိသည်။

၂၀၁၄ ခုနှစ်က သမ္မတ ဝီဒိုဒို တက်လာပြီးနောက်ပိုင်း ဖမ်းမိသော ဖမ်းမိငါးခိုးဖမ်းလှေသင်္ဘော ၁၇၆ စင်းအား နှစ်မြှပ်ပစ်ခဲ့ပြီးဖြစ်သည်။

ငါးခိုးဖမ်းလှေများ တားမြစ်ရေး လှုပ်ရှားမှုကို ဦးစီးလုပ်ဆောင်နေသော ငါးလုပ်ငန်းဝန်ကြီး အမျိုးသမီးတစ်ဦးဖြစ်သည့် ဆူစီပတ်ဂျီယာစတူတီက ၇၁ ကြိမ်မြောက် အင်ဒိုနီးရှားနိုင်ငံလွတ်လပ်ရေးနေ့ သြဂုတ် ၁၇ ရက်တွင် ဖမ်းဆီးရမိသည့် ငါးခိုးဖမ်းလှေသင်္ဘော ၇၁ စင်းအား နှစ်မြှပ်မည်ဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ နေရာအသီးသီး၌ ထိုသို့ ငါးခိုးဖမ်းလှေသင်္ဘောများ နှစ်မြှပ်ပစ်ခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လှုပ်ရှားမှု၏ တစ်စိတ်တစ်ဒေသအဖြစ် တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့မှ ငါးခိုးဖမ်းလှေသင်္ဘောများကို ယခင်က နှစ်မြှပ်ထားဖူးပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly