ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဂုဏ်သိက္ခာ ဘယ်လိုအဖတ်ဆည်မလဲ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဂုဏ်သိက္ခာ ဘယ်လိုအဖတ်ဆည်မလဲ

ဇူလိုင် ၃၁ ရက် ။               ။ မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်အပိုင် နယ်မြေထဲက ရဲကင်းကနေ စိတ်ကြွဆေးပြား ၃ သိန်းခန့် ဖမ်းမိခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဘွီဗီ) ကနေ ဇူလိုင် ၂၉ ရက်နေ့က နောက်ဆက်တွဲ သတင်းတစ်ပုဒ် ရေးသားခဲ့ပါတယ်။

အဲဒီသတင်းမှာ ဒေသခံမြန်မာတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးပြီး “ကျောက်ပဲလူ ကင်းစခန်းပေါ့ အဲဒီမှာ သူက ဖမ်းထားတာက ၃၊ ၄ ရက်လောက်ရှိပြီပြောတယ်။ ကျနော်တို့ကြားတာကတော့ အဲဒါကို သူတို့က မူးယစ်ဆေးဝါး ၆ သိန်းလောက် ဖမ်းမိတယ်ပေါ့၊ ဖမ်းရတဲ့အချိန်မှာ ကယ်ရီ (သယ်သူ) သမားကို ၃ သိန်းလောက်ပေးလိုက်ပြီးတော့ သူတို့ ၃ သိန်းလောက် ယူထားလိုက်တယ်။ အဲဒါ ပိုင်ရှင်ကနေ ရဲမှူးကို ဖုန်းနဲ့တိုင်လိုက်တယ်၊ အဲလိုပဲ ကျနော်တို့ သတင်းကြားပါတယ်။ အဲဒါ သူတို့အချင်းချင်း မညီကြလို့ အဲဒီလိုလည်း ပြောသံကြားတယ်။ သူတို့ထဲက သတင်းပေါက်ကြားပြီးတော့ အဲဒီလိုပုံစံမျိုးဖြစ်တယ်၊ နောက်ပိတ်ဆုံး ပိုင်ရှင်က ရဲမှူးကို ဖုန်းဆက်ပြီး ပြောလိုက်တယ်လို့ ပြောတယ်။ ခုနှစ်ယောက်ကိုတော့ ဖမ်းထားပြီးပြီ သူတို့ကိုလေ။” လို့ ဖော်ပြထားပါတယ်။

ဒါဟာ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးဌာနနှင့် ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်နေပါတယ်။

ရခိုင်ပြည်နယ်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့တဲ့ မူးယစ်လမ်းကြောင်းမှာ အဓိက ပင်မလမ်းကြောတစ်ခု ဖြစ်လာခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ အစီရင်ခံစာများ အရရော၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ မူးယစ်ဌာနတို့ကပါ သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေမျိုးရဲ့ ပြောကြားချက်အရ ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ စိတ်ကြွဆေးပြားပေါင်း ၁၈ သိန်းကျော်ကို ဖမ်းဆီးမိခဲ့ပြီး အမှုနဲ့ ပတ်သက်သူ ၁၈၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် အဲဒီ ၁၈၀ ဦးကို အရေးယူဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြနိုင်ခဲ့ခြင်း မရှိသလို နောက်ဆက်တွဲ ပတ်သက်သူများလည်း အမှုဟာ စုံစမ်းဆဲဖိုင်မှာတင် အဆုံးသတ်နေတာကို ပြည်နယ်မှုခင်းများကို လေ့လာမှုများအရ တွေ့ရပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့က ဖမ်းမိခဲ့တဲ့ ကမ္ဘာဒုတိယ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုအများဆုံး ဇေကမ္ဘာဝင်းက အမေရိကန် ဒေါ်လာ ၁၃၃ သန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၆ သန်းကျော် အမှုမှာဆိုရင်လည်း တိုက်ရိုက် ပတ်သက်နေသူများမှာ ရခိုင်ရေလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Kaladan Delta Development Co.ltd လို့ မြန်မာနိုင်ငံ မူးယစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလိုပါပဲ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၉ ရက်မှာ  ပြည်တွင်းပြည်ပ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးပုဇွန် မွေးမြူရေး လုပ်ငန်းများနှင့် အုတ်သဲကျောက် လုပ်ငန်းတို့ကို Natural Force ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်နေသူ ဦးရဲထွန်းကျော်ရဲ့ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား နှစ်သိန်းကျော်နှင့် ဘိန်းဖြူ အပါအဝင် ပစ္စတိုနှစ်လက်၊ ကျည်ဆန်များကိုပါ ဖမ်းဆီးရမိခဲ့ပြီးတဲ့နောက်၊ စက်တင်ဘာ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ဦးရဲထွန်းကျော်ကို ဖမ်းမိခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာ တတိယထပ်မှ Beauty Queen Fashion Shopကို မူးယစ်ဆေးဝါးနှင့် ရောင်းချရာမှ ရရှိသောငွေများဖြင့် ဆက်နွှယ်မှု ရှိတယ်ဆိုပြီး နိုဝင်ဘာလ ၂၀ ရက် နေ့မှာ ငွကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ချိပ်ပိတ်ခဲ့ပေမယ့် ဦးရဲထွန်းကျော်ရဲ့ အမှုကို ၂ နှစ်ကျော်ကြာသည်အထိ ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။

အဲဒီနောက်မှာ ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် နန်းရာကုန်းပေါ်က သိန်းနဲ့ချီတဲ့ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းမိခဲ့သလို ရခိုင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးလမ်းကြောင်းတွေမှာ အထက်မြန်မာပြည်ရှိ ရခိုင်အမျိုးသားတွေနဲ့ ရခိုင်ပြည်နယ်က သယ်ဆောင်သူတွေကြား ရခိုင်ပြည်နယ်မူးယစ်ဌာနနဲ့၊ ရဲတပ်ဖွဲ့ဟာ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဒေသခံတွေကြားမှာ ကောလဟာလ ဝေဖန်မှတ်ချက်ပြုမှုတွေက မြင့်တက်လာခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ရဲ့ နှစ်အစ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရန်ကုန်ကနေ စစ်တွေမြို့နယ်ကို သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၅ သိန်းကျော်၊ ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၅၂၉.၈၈ သန်းကို အမ်းမြို့နယ် ပဲပဒုံ စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့ပြီးတဲ့ နောက်မှာ ရခိုင်ပြည်နယ်တွင် ပြီးခဲ့တဲ့ ၂၀၁၀ ကနေ  ၂၀၁၆ ခုနှစ်ထိ ၆ နှစ်တာ ကာလအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီး ရရှိမှုများတွင် ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်ထိ ဖမ်းဆီးရရှိမှုနှင့် ၂၀၁၅ ခုနှစ် တစ်နှစ်တည်းတွင် ဖမ်းဆီးရရှိမှု အမှုအရေတွက် ညီမျှနေပြီး ဖမ်းမိ မူးယစ်ဆေးဝါး ကီလို အရေအတွက်မှာလည်း အမြင့်ဆုံး အနေအထားတွင် ရှိကြောင်း ရခိုင်ပြည်နယ် မူးယစ်ရဲတပ်ဖွဲ့စု တာဝန်ခံ ဦးရီထွန်းသန့်က ပြောကြားခဲ့ပါတယ်။

စိတ်ကြွဆေးပြားများကို ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးတွေ့ရှိမှုများအဖြစ် ၂၀၁၀ မှာ ၂၁ မှု၊ ၂၀၁၁ မှာ ၁၈ မှု၊ ၂၀၁၂ မှာ ၁၅ မှု၊၂၀၁၃ မှာ ၃၄ မှု၊ ၂၀၁၄ မှာ ၁၂မှု၊ ၂၀၁၅ မှာ ၉၁ မှုအထိ ဖမ်းဆီးရရှိခဲ့တယ်လို့ မူးယစ်ဆေးဝါး ဖမ်းဆီးမှု ဆိုင်ရာ စာရင်း အချက်အလက်များ အရ သိရပြီး ၆ နှစ်တာကာလရဲ့ အမြင့်ဆုံးအနေထားကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဟာ နှစ်စဉ် နှစ်ဆခန့် မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ဒါဟာ ပြည်နယ်အတွင်း လူမျိုးရေးအသွင်ဆောင် ပဋိပက္ခဖြစ်စေဖို့ လှုံ့ဆော်မှုတွေ တိုက်တွန်းနေသူတွေက မူးယစ်လမ်းကြောင်းကို လွတ်လပ်စွာ ကုန်သွယ်နိုင်ဖို့ ပြည်နယ်အစိုးရကို အာရုံလွှဲတာဖြစ်နိုင်သလို၊ သူတို့တွေကိုယ်တိုင် ပါဝင်ပတ်သက်နေနိုင်တယ်လို့ လေ့လာသူတချို့က မှတ်ချက်ပြုမှုတွေ ရှိနေပါတယ်။

ဒီလိုမြင့်မားလာတဲ့ ရခိုင်ပြည်နယ်ရဲ့ မူးယစ်ဆေးဝါးလမ်းကြောင်း တစ်ခုလုံးဟာ ရက္ခိုင့်တပ်မတော် AA ရဲ့ စစ်ဦးစီးချူပ် ဗိုလ်မှူးချူပ် ထွန်းမြတ်နိုင် ကိုယ်တိုင် ဦးစီးစီမံခန့်ခွဲနေကြောင်း ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်နေ့မှာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူး ဦးနေမျိုးက စွပ်စွဲပြောကြားခဲ့ပေမယ့် AA ဘက်ကတော့ လုံး၀ မသက်ဆိုင်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။

ဒီလိုရှုပ်ထွေးနေချိန်မှာ ဇူလိုင် ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ - ပြည်နယ်ရဲမှူးကြီး ဦးစိန်လွင်က " ရခိုင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးဟာ ဘယ်လောက်ထိ ပေါများလာလဲဆိုရင် ဖမ်းဆီးလို့ မနိုင်လောက်တဲ့ အထိဖြစ်လာနေတာကို တွေ့ရပါတယ်။ ဒါကြောင့် လူထုပညာပေး လုပ်ငန်းတွေကိုလည်း ပြုလုပ်လျှက်ရှိပါတယ်။ ဒါပေမယ့် ထိထိမိမိ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ မူးယစ်ဆေးဝါးနဲ့ ပါတ်သက်ပြီးတော့ နှိမ်နင်းရေး အဖွဲ့အစည်းတွေဖွဲ့ပြီးတော့ ရှင်းလင်းဖို့ လိုအပ်ပါတယ်။ တစ်ချို့ဆိုရင် ဆိုင်ကယ်နဲ့ လည်ပြီး ရောင်းတာတွေလည်း ရှိနေပါတယ်။ ဖမ်းဆီးရမှာ မလွယ်ကူပါဘူး။ ပြီးရင် သတင်းပေးတွေအတွက် ပိုက်ဆံ ရံပုံငွေလည်း မရှိပါဘူး။" လို့ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဟာ မူးယစ်လမ်းကြောင်းရဲ့ ပင်မဒေသဖြစ်တယ်ဆိုတာ ဝန်ခံထားကြပေမယ့် တားဆီးနှိမ်နင်းဖို့အတွက် သက်ဆိုင်ရာတွေက တာဝန်ပေါ့လျော့မှုတချို့ ရှိနေကြောင်း ရဲမှူး ဦးစိန်လွင်ရဲ့ ရှင်းလင်းပွဲပြောကြားချက်မှာ ထည့်သွင်းခဲ့ပေမယ့် အခြားတစ်ဘက်မှာ ဖမ်းဆီးရရှိမှုတွေက ၆ နှစ်တာကာလရဲ့ အမြင့်ဆုံးအနေအထားမှာ ရှိနေပါတယ်။

စိတ်ကြွဆေးတွေကို အမြင့်ဆုံးဖမ်းဆီးနိုင်ပေမယ့် အရေးယူမှုတွေနဲ့ နောက်ဆက်တွဲ ဖမ်းဆီးနိုင်မှုတွေကို ပြုလုပ်ရာမှာ အဓိက ပင်ရင်းကုန်သည်တွေ လွတ်မြောက်နေတာကြောင့် ရခိုင်ပြည်နယ် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေကြားမှာ ဒေသအာဏာပိုင်တွေ ပါဝင်နေကြောင်း ဒေသခံတချို့ရဲ့ စွပ်စွဲဝေဖန်မှုတွေ မြင့်တက်လာချိန် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့မှာ မောင်တောမြို့နယ် ရဲကင်းစခန်းတစ်ခုက ဖမ်းမိခဲ့တဲ့ သိန်းနှင့်ချီတဲ့ စိတ်ကြွဆေးပြားမှု သတင်း ပေါ်ထွက်လာတာကြောင့် ဝေဖန်သူတွေအတွက် ပိုပြီး နီးစပ်လာစေသလားဆိုတာ ဝေခွဲမရ ဖြစ်လာပါတယ်။

ဒီကြားထဲ ဇူလိုင် ၂၉ ရက်နေ့ ဒီဘွီဗီ သတင်းဌာနရဲ့ "မောင်တောရဲကင်းမှာ စိတ်ကြွဆေးပြား ၃ သိန်း ဖမ်းဆီးရမိမှုရဲ့ နောက်ဆက်တွဲထူးခြားချက် – ဒေသခံတဦးနှင့် မေးမြန်းချက်" မှာ ရခိုင်ပြည်နယ် မူးယစ်ဆေးလမ်းကြောင်းတွေမှာ “ ဒီမှာကလည်း ဘယ်လိုပြောမလဲဆိုတော့ ဒီနေရာက တကယ့်ကို မူးယစ်ဆေးဝါး နယ်မြေတခုလို ဖြစ်နေတယ်၊ အဲဒါ အကုန်လုံး ဒီလူချည်းပဲ ပြောင်းလိုက်။ သူတို့ပဲ အခြေခံလုပ်စားနေသလို ဖြစ်နေတယ်။ ကျနော်တို့ဒေသက တော်တော်လေးကို ဆိုးဝါးနေပြီ။ အေး အဲဒီလိုပဲ လက်နက်ကိုင်တွေကပဲ ကယ်ရီလုပ်တယ်။ သူတို့ကပဲ လာဘ်ပေးလာဘ်ယူ သူတို့လုပ်တယ်။ အဲလိုနဲ့ပဲ ကျနော်တို့ဆီမှာ လူငယ်တွေ တော်တော်လေးပျက်စီးနေကြတယ်။ ” ဆိုတဲ့ ပြောကြားချက်အရ လက်နက်ကိုင်တွေ ပါဝင်ပတ်သက်နေပြီ လို့ ဖော်ပြချက်ဟာ အဲဒီ အနီးတဝိုက်ရှိ လုံခြုံရေးရယူနေတဲ့သူတွေကို တိုက်ရိုက်စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သန့်ရှင်းမှုကို သက်သေပြနိုင်ဖို့ ယခုအမှုနဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာစွာ စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly