ကွန်မြူနစ်များနှင့် တစ်ဖက်သတ်အပစ်ရပ်ထားမှုကို ဖိလစ်ပိုင်သမ္မတ ပြန်ရုတ်သိမ်း

ကွန်မြူနစ်များနှင့် တစ်ဖက်သတ်အပစ်ရပ်ထားမှုကို ဖိလစ်ပိုင်သမ္မတ ပြန်ရုတ်သိမ်း

မနီလာ၊ ဇူလိုင် ၃၁ ။                  ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကွန်မြူနစ်သူပုန်များနှင့် တစ်ဖက်သတ်အပစ်ရပ်ထားမှုကို သူပုန်များဖက်က တုံ့ပြန်ရန် ရာဇာသံပေးပြီးနောက်ပိုင်း ဇူလိုင် ၃၀ ရက်တွင် အပစ်ရပ်ထားမှုကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

၁၉၆၀ ခုနှစ်များက စတင်ဖြစ်ပွားသည့် လူထောင်ပေါင်းများစွာ သေဆုံးရသော အာရှ၏ အရှည်ကြာဆုံးသောင်းကျန်းသူစစ် အဆုံးသတ်ရေးအတွက် ဒူတာတေးက ဇူလိုင် ၂၅ ရက်၌ တစ်ဖက်သတ်အပစ်ရပ်စဲရေးကို ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော် ဒါဗာအိုဒယ်နော်တေးမြောက်ပိုင်းပြည်နယ်တွင် ကွန်မြူနစ်သူပုန်များက ဇူလိုင် ၂၇ ရက်၌ အစိုးရပြည်သူ့စစ်များကို တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး အခြားလေးဦး ဒဏ်ရာရသွားရာမှ အပစ်ရပ်ထားမှုက အချိန်ပိုင်းတစ်ခု၌ပင် ချုပ်ငြိမ်းသွားရခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဇူလိုင် ၃၀ ရက်အတွင်း ရှင်းလင်းရန်နှင့် အစိုးရက ကမ်းလှမ်းထားသော အပစ်ရပ်မှုကို တုံ့ပြန်ရန် ဇူလိုင် ၂၉ ရက်က သမ္မတဒူတာတေးက ကွန်မြူနစ်များကို ရာဇာသံခဲ့သော်လည်း သူပုန်များဖက်က သတ်မှတ်ချိန် ကျော်လွန်သည်အထိ အပစ်ရပ်သဘောထားကို ကြေညာခဲ့ခြင်းမရှိခဲ့ပေ။

“ဒီနေရာကနေပြီး အပစ်ရပ်ကမ်းလှမ်းတာကို ချက်ချင်းရုတ်သိမ်းလိုက်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးကိုလည်း တပ်လှန့်သတိရှိနေပြီး နိုင်ငံတော်လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအားလုံး ငြိမ်ဝပ်ပိပြားရေးအတွက် ပုံမှန်လုပ်ငန်းဆောင်တာများကိုလည်း ဆက်လက်ဆောင်ရွက်ခွင့်ပြုထားလိုက်ပြီဖြစ်တယ်။”ဟု ဒူတာတေးကပြောသည်။

သမ္မတဒူတာတေးသည် ရွေးကောက်ပွဲသောင်ပြိုကမ်းပြို အနိုင်ဖြင့် ဇွန် ၃၀ ရက်ကစပြီး ရာထူးတာဝန်စတင်ယူခဲ့သူဖြစ်ကာ ကွန်မြူနစ်သူပုန်များနှင့် မြဲမြံသော ငြိမ်းချမ်းရေးကို မျှော်လင့်ကြောင်း ပြောခဲ့ပြီး ကွန်မြူနစ်များဖက်ကလည်း ကောင်းမွန်သော သဘောထားကို ထုတ်ဖော်ပြသရန် တိုက်တွန်းထားခဲ့သည့် သမ္မတတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly