စစ်ကျောင်းများကို ပိတ်ပြီး လက်နက်ကိုင်အဖွဲ့များအား ထိန်းချုပ်သွားမည်ဟု တူရကီသမ္မတ ပြော

စစ်ကျောင်းများကို ပိတ်ပြီး လက်နက်ကိုင်အဖွဲ့များအား ထိန်းချုပ်သွားမည်ဟု တူရကီသမ္မတ ပြော

အန်ကာရာ၊ ဇူလိုင် ၃၁ ။                ။ တူရကီသမ္မတ အာဒိုဂန်က စစ်တက္ကသိုလ်များကို ပိတ်ပစ်မည်ဖြစ်ကာ လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ထိန်းချုပ်ဇက်သတ်သည့်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကွဲမှုအောက် ထားသွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက် ပြောသည်။ အရေးနိမ့်သည့် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အစိုးရ၏ လက်အောက်တွင် စစ်တပ်ကို ထိန်းချုပ်ထားနိုင်ရန် လုပ်ဆောင်ခြင်းလည်းဖြစ်သည်။

ဇူလိုင် ၁၅-၁၆ ရက်က အာဏာသိမ်းကြံစည်မှုဖြစ်ပြီးနောက် စစ်အမှုထမ်းပေါင်း ၁၇၀၀ ကျော်ထက်မနည်းကို ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးလိုက်ရခြင်းကြောင့် ယခုအပြောင်းအလဲအား   ဖော်ဆောင်ခြင်းလည်းဖြစ်သည်။

နေတိုးအဖွဲ့၏ ဒုတိယအကြီးဆုံးတူရကီစစ်တပ်ကို သွေးသစ်လောင်းဖို့လိုကြောင်း အာဏာသိမ်းသည့် ညက ဖမ်းဆီးခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းမှ လက်မတင်လေးလွတ်မြောက်ခဲ့သည့် သမ္မတအာဒိုဂန်က ရိုက်တာသတင်းဌာနသို့ ပြောသည်။ အာဏာသိမ်းကြံစည်မှုဖြင့် ဖမ်းဆီးစစ်ဆေးခံရသူများတွင် တူရကီရေတပ်ဗိုလ်ချုပ်ကြီးများနှင့် ကြည်းတပ်ဗိုလ်ချုပ်ကြီးများ၏ ၄၀ ရာခိုင်နှုန်းဝန်းကျင်ကို ဖမ်းဆီးစစ်ဆေးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အစိုးရအား ဖြုတ်ချရေးကြိုးပမ်းမှုကို အမေရိကန်အခြေစိုက် ဘာသာရေးခေါင်းဆောင် ဂူလန်က ကြိုးကိုင်ကြောင်း တူရကီက စွပ်စွဲထားသည်။ အာဏာသိမ်းကြံစည်မှုအတွင်း လူပေါင်း ၂၃၇ ဦးသေဆုံးကာ ဒဏ်ရာရသူပေါင်း ၂၁၀၀ ကျော်ရှိကြောင်း အာဒိုဂန်က ပြောသည်။

အမေရိကန်တွင် နှစ်ပေါင်းများစွာ အခြေစိုက်နေထိုင်နေသည့် ဂူလန်က စွပ်စွဲမှုကို ငြင်းသလို အာဏာသိမ်းမှုအပေါ်လည်း ရှုတ်ချခဲ့သည်။ ယင်းအာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ဂူလန်နှင့် ချိတ်ဆက်ပတ်သက်မှုရှိသည့် သံသယဖြင့် စစ်တပ်၊ တရားရေးဖက်၊ အစိုးရဌာနများနှင့် ကျောင်းများမှ လူပေါင်း ၆၀၀၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးခြင်း၊ ရာထူးထုတ်ပယ်ပြောင်းရွှေ့ခြင်းများ လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags