အိန္ဒိယတွင် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ပြိုကျ၍ ကိုးဦး သေဆုံး

အိန္ဒိယတွင် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ပြိုကျ၍ ကိုးဦး သေဆုံး

ဇူလိုင် ၃၀ ။                ။ အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Pune မြို့တွင် ဇူလိုင်လ ၂၉ ရက်က ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာ အနည်းဆုံး ကိုးဦး သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိသွားသည်။

" မွန်ဘိုင်းမြို့နဲ့ ကီလိုမီတာ ၁၆၀ အကွာမှာရှိတဲ့ Pune မြို့မှာ မနေ့က ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုရဲ့ ၁၄ လွှာမှာ ရုတ်တရက် ပြိုကျမှုဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် ဆိုဒ်ထဲမှာက အလုပ်သမားတွေ တော်တော်များများ ရှိနေပါတယ်" ဟု အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

" ၁၄ လွှာကျောက်ပြားက အောက်တစ်ဆင့်ကို ပြိုကျခဲ့တဲ့အချိန်မှာ အဲဒီမှာ အလုပ်သမား ၁၄ ယောက်ရှိနေပါတယ်၊ သူတို့ထဲက ရှစ်ဦးကတော့ ပွဲချင်းပြီး သေဆုံးပြီးနောက် တစ်ယောက်ကတော့ဆေးရုံရောက်မှာ ဆုံးသွားတာပါ" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ပြည်တွင်း သတင်းစာများ၏ ဖော်ပြချက်များအရ ယင်းဆောက်လုပ်ရေးဆိုဒ်ရှိ လုပ်သားများမှာ မတော်တဆမှုဖြစ်ပွားချိန်က လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး အကာအကွယ်ပစ္စည်းများ စနစ်တကျ ဝတ်ဆင်ထားခြင်းမရှိဟု သိရသည်။

ယခု အဆောက်အအုံ ပြိုကျမှုဖြစ်စဉ်တွင် ဆောက်လုပ်ရေး ကန်ထရိုက်တာများက အလုပ်သမားများအတွက် လုပ်ငန်းခွင်လုံခြုံရေး အစီအမံများ ထောက်ပံ့ပေးထားခြင်းရှိမရှိ စုံစမ်းစစ်ဆေးသွားမည်ဟု မြို့တော်ဝန် ပရာရှန့် ဂျက်တပ်က ပြောသည်။ အလားတူ မြို့တွင်းရှိ ဆောက်လုပ်ရေးဆိုဒ်အားလုံးကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ပြောသည်။

အိန္ဒိယနိုင်ငံတွင် ဝင်ငွေအလယ်အလတ်တန်းစား လူဦးရေတိုးပွားလာနေမှုကြောင့် အဖိုးနှုန်းသက်သာသည့် နေအိမ်အဆောက်အအုံများ လိုအပ်ချက်မြင့်တက်နေလျက်ရှိရာ ကန်ထရိုက်တာများ၏ မလျော်ကန်သည့် ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်မှုများကြောင့် မကြာခဏဆိုသလို အဆောက်အဦး ပြိုကျမှုဖြစ်စဉ်များ ပေါ်ပေါက်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags