မိုင်ဂျာယန်အစည်းအဝေး စတုတ္ထမြောက်နေ့တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံမှ အခြေခံမူတစ်ရပ် တင်သွင်း

မိုင်ဂျာယန်အစည်းအဝေး စတုတ္ထမြောက်နေ့တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံမှ အခြေခံမူတစ်ရပ် တင်သွင်း

မိုင်ဂျာယန်၊ ဇူလိုင် ၂၉ ။  ။ မည်သည့်ကဏ္ဍ မည်သည့်အဆင့်တွင်မဆို ကျားမကွဲပြားမှုဆိုင်ရာများကို အစဉ်တစိုက် အလေးထားသွားမည်ဆိုသည့် အခြေခံမူတစ်ရပ်ကို အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံမှ မိုင်ဂျာယန်တွင် ပြုလုပ်နေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးသို့ တင်သွင်းထားကြောင်း အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် မလွေးချယ်ရီက ပြောသည်။

“ဒီသုံးရက်အတွင်းမှာ ကျွန်မတို့က ဘယ်ကဏ္ဍမှာမဆို ကျားမဆိုင်ရာတန်းတူရေးဆိုတာထက် ကျမတို့ စကားလုံး အသစ်တစ်လုံးရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ မည်သည့်ကဏ္ဍမဆို မည်သည့်အဆင့်တွင်မဆို ကျားမကွဲပြားမှု ဆိုင်ရာများကို အစဉ်တစိုက်အလေးထားသွားမည်ဆိုသည့် အခြေခံမူ တစ်ရပ်ကိုတင်သွင်းတယ်။ အဲ့ဒီမူကတော့ ဘယ်နေရာမဆို  ဘယ်ခေါင်းစဉ်အောက်ပဲဖြစ်ဖြစ် အဲ့ဒါထည့်သွားဖို့ အရေးကြီးတဲ့အရာတစ်ခုတွေ့ခဲ့တယ်။”ဟု မလွေးချယ်ရီကပြောသည်။

ယနေ့တွင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လွန်စွာအရေးကြီးလှသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်များ အကြောင်းဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအတွင်း ခေါင်းစဉ်များအလိုက်ဆွေးနွေးခဲ့ကြရာတွင် ခေါင်းဆောင် ကိုယ်စားလှယ်များအနေဖြင့် ကျားမတန်းတူဆိုင်ရာကိစ္စရပ်များကို တစုံတရာထည့်သွင်းစဉ်စားလာခဲ့သည်ကို မိမိတို့မှဦးစွာအသိမှတ်ပြုလိုကြောင်း အဆိုပြုလွှာတွင် ဖော်ပြထားသည်။

ထို့ပြင် ခေါင်းစဉ်အသီးသီးအတွက် ကျားမတန်းတူရေးနှင့် အမျိုးသမီးများ၏ အထူးလိုအပ်ချက်များကိုသီးခြား စဉ်စား သုံသပ် ဆွေးနွေး ညှိနှိုင်းမည့်အစား လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်မြန်ဆန်စွာ ဆက်စပ်အကောင် အထည်ဖော်နိုင်ရန် မည်သည့်ကဏ္ဍမည်သည့်အဆင့်တွင်မဆို ကျားမကွဲပြားမှုဆိုင်ရာများကို အစဉ်တစိုက်အလေးထားသွားမည်ဆိုသည့် အခြေခံမူတစ်ရပ် ချမှတ်သွားရန် မိမိတို့မှ အဆိုတင်သွင်းလိုကြောင်းဖော်ပြထားသည်။

နိုင်ငံရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှု အဆင့်ဆင့်တွင် အမျိုးသမီးများအနည်းဆုံး ၃၀ရာခိုင်နှုန်း ပါဝင်ရမည်ဆိုသည်ကိုလည်း တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပြီးဖြစ်သောကြောင့် ယခုတင်သွင်းသောအဆိုကို တတ်ရောက်လာကြသော တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ်များ အနေဖြင့် တညီတညွတ်တည်းလက်ခံသဘောတူဆုံး ဖြတ်ကြမည်ဟု မျှော်လင့်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံကပြောသည်။

ယခုအဆိုပြုလွှာကို မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေး၏ ၄ရက်မြောက်နေ့တွင် တင်သွင်းခြင်းဖြစ်သည်။

မိုင်ဂျာယန်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်က ကိုယ်စားလှယ် ငါးဦးနှင့် အကျိုးဆောင်တစ်ဦး စုစုပေါင်း ၆ဦးတတ်ရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly