နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ချမှတ်

နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ချမှတ်

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုရန် ဦးတည်ကာ တိုင်းရင်းသားဒေသများအပါအဝင် နိုင်ငံတော်၏ သဘာဝသယံဇာတများကို ရေရှည်ထိန်းသိမ်းကာ မှန်ကန်မျှတစွာ ခွဲဝေသုံးစွဲနိုင်ရေးအပါအဝင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒကို ချမှတ်လိုက်သည်။

တိုင်းဒေသကြီး နှင့် ပြည်နယ်များကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်စေသည့် စီးပွားရေး အခြေအနေကောင်းရရေး၊  နိုင်ငံသားများ ပူးပေါင်းပါဝင်ပြီး တီထွင်ဆန်းသစ်မှု နှင့် ကြိုးပမ်းအားထုတ်မှုဖြင့် တိုးတက်သည့် ရလာဒ်ကောင်းများကို ထိန်းသိမ်းနိုင်သည့် စီးပွားရေးစနစ် ထူးထောင်ရေးစသည့် နိုင်ငံ၏ ရည်မှန်းချက်များ အပါအဝင် စီးပွားရေးမူဝါဒတွင် ၁၂ရပ်ကို ဇူလိုင် ၂၉ရက်က ချမှတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံ၏ စီးပွားရေးမူဝါဒများတွင် ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍရေး စီမံခန့်ခွဲမှု စနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များကို တိုးပွားအောင် ဆောင်ရွက်ရန်၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား ပိုမိုအောင်မြင်စေအောင် ဆောင်ရွက်ပြီး အလုပ်အကိုင် ရရှိရေး နှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူရန်ရန်၊ လူ့အရင်းအမြစ်များ မွေးထုတ်နိုင်ရန် နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ လျှပ်စစ်ဓတ်အား၊ လမ်း၊ ဆိပ်ကမ်းများ အခြေခံစီးပွားရေး အဆော်အအုံများ အလျှင်အမြန်တိုးတက်စေရေး ဦးစားပေးဆောင်ရွက်ရန်၊ ပြည်တွင်း နှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာလုပ်ကိုင်ခွင့် ရရှိရန် နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးမြင့်နိုင်သည့် မူဝါဒများ သီးခြားရေးဆွဲကာ မူပိုင်ခွင့်နှင့် တရားဥပဒေ စိုးမိုးမှု ရရှိရေး တိုးမြှင့် ဆောင်ရွက်ရန်တို့ ပါဝင်သည်။

ယင်းအပြင် နိုင်ငံ၏ ဝင်ငွေ တိုးရရှိရေးအတွက် မျှတသော အခွန်စနစ်ထူထောင်ရန် ပြည်သူများ၏ အခွင့်အရေး နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံလုပ်နည်းများ ပြဌာန်းကာ အကာအကွယ်ပေးရန်၊ စီးပွားရေးလုပ်ငန်းများကို အာဆီယံဒေသတွင်းသာမက အခြားနိုင်ငံများ၌လည်း တိုးတက်ပြောင်းလဲလာနိုင်ဖွယ်ရှိသော အခြေအနေများကို ဖော်ထုတ်ပြီး မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်ကောင်းများဖြင့် အခြေထူရန် ချမှတ်ထားသည်။

အိမ်ထောင်စုများ၊ တောင်သူလယ်သမားများ နှင့် စီးပွားရေးလုပ်ငန်းများအတွက်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် ငွေရေးကြေးရေး စနစ်ဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှုရှိလာရေး   ဆောင်ရွက်ရန်တို့ ချမှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly