တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဒုက္ခသည်ဆိုင်ရာ ရပ်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ဟု ဂျာမနီ ၀န်ကြီးချုပ် ပြော

တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဒုက္ခသည်ဆိုင်ရာ ရပ်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ဟု ဂျာမနီ ၀န်ကြီးချုပ် ပြော

ဇူလိုင် ၂၉ ။                  ။ နိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူသေဆုံးစေသော တိုက်ခိုက်မှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့သော်လည်း အစိုးရ၏ ဒုက္ခသည် ကြိုဆိုရေး ရပ်တည်ချက်ကို   ပြောင်းလဲသွားမည်မဟုတ်ကြောင်း ဂျာမနီ အဓိပတိ အိန်ဂျယ်လာ မာကယ်လ်က ပြောကြားသည်။

တိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်လာရခြင်း၏ ဇစ်မြစ်မှာ အစိုးရ၏ တံခါးဖွင့် မူဝါဒကြောင့်သာဖြစ်သည်ဟု ဆိုကာ ယင်းရပ်တည်ချက်ကို ပြောင်းလဲပေးရေး တောင်းဆိုချက်များ ထွက်ပေါ်လာနေသော်လည်း ယင်းတောင်းဆိုမှုများကို မာကယ်လ်က ပယ်ချသွားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်များ ဖြေရှင်းရန် အားလပ်ရက်ခရီးစဉ်ကို တစ်ဝက်တစ်ပျက်ဖြင့် ဖျက်ကာ ပြန်လာခဲ့သည့် မာကယ်လ်က သီတင်းပတ်တစ်ပတ်ထဲအတွင်း ဖြစ်ပွားသွားခဲ့သည့် တိုက်ခိုက်မှုလေးကြိမ်စလုံးမှာ ရက်စက်ကြမ်းတမ်းပြီး မနှစ်မြို့စရာကောင်းသည်ဟု ပြောကြားသွားခဲ့သည်။ သို့သော် အာဏာပိုင်များအနေဖြင့် အခြေအနေများအပေါ် ထိန်းချုပ်နိုင်မှု ဆုံးရှုံးနေသည့် အခြေအနေတွင် ရှိမနေသေးကြောင်း ၎င်းက ပြောသည်။

"တိုက်ခိုက်သူတွေဘက်ကတော့ ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်း၊ အမှန်တကယ်အကူအညီလိုအပ်နေသူတွေကို ရင်ဖွင့်ကြိုဆိုလိုတဲ့ ကျွန်မတို့ရဲ့ သဘောဆန္ဒတွေကို ထိပါးစေလိုတဲ့သဘောမှာ ရှိပါတယ်၊ ဒါမျိုးကို ကျွန်တော်တို့ လုံ့၀ ဆန့်ကျင်ကန့်ကွက်ပါတယ်" ဟု မာကယ်လ်က ပြောသည်။

မာကယ်လ်အစိုးရသည် ယမန်နှစ်က ဆီးရီးယား စစ်ဘေး ဒုက္ခသည်များအပါအဝင် ဒုက္ခသည်များကို လက်ခံရန် နယ်စပ်ဂိတ်များကို ဖွင့်ပေးခဲ့ရာ တစ်နှစ်တာလုံးအတွင်း ရွှေ့ပြောင်းနှင့် ဒုက္ခသည်ဦးရေ ၁ ဒသမ ၁ သန်းနီးပါး နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

"ကျွန်မတို့ ဒီကိစ္စကို လုပ်နိုင်တယ်လို့ ယုံကြည်နေဆဲပါ၊ ဒါဟာ သမိုင်းပေးတာဝန်ပါ၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ ဒီလိုစိန်ခေါ်မှုတွေကို ကျွန်မတို့ ဖြေရှင်းနိုင်ရပါလိမ့်မယ်" ဟု မာကယ်လ်က သူမ၏ မူဝါဒနှင့်ပတ်သက်၍ ခုခံပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly