တိုင်းရင်းသားလူငယ်များညီလာခံ ဒုတိယနေ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှင့် ဖက်ဒရယ်ပြည်ထောင်စုကိစ္စ ဆွေးနွေး

တိုင်းရင်းသားလူငယ်များညီလာခံ ဒုတိယနေ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှင့် ဖက်ဒရယ်ပြည်ထောင်စုကိစ္စ ဆွေးနွေး
ဓာတ်ပုံ- Kyaw Min Htaik

ရန်ကုန်၊ ဇူလိုင် ၂၈ ။              ။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပနေသည့် နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ ဒုတိယနေ့တွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း ညီလာခံ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

"မနက်ပိုင်းတုန်းကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စကို ဆွေးနွေးဖြစ်တယ်။ နေ့လည်ပိုင်းကတော့ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ကိစ္စကို ဆွေးနွေးတာပေါ့နော်။ အဓိက အဲဒီ့ခေါင်းစဉ် နှစ်ခုပဲ   ဆွေးနွေးတာပါ။ မနေ့ကနဲ့ ဒီနေ့ကတော့ ဆွေးနွေးတဲ့အပိုင်းနဲ့ အပြန်အလှန် ဖလှယ်တဲ့ အပိုင်းလောက်ပဲ သွားတာပေါ့နော်။ ဆုံးဖြတ်ချက် ချတဲ့အပိုင်းတော့ ဘာမှမရှိ သေးဘူးပေါ့နော်"ဟု ညီလာခံဖြစ်မြောက်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ မိုင်းမျိုးအောင်က ပြောသည်။

နံနက်ပိုင်းဆွေးနွေးမှုတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဦးသိန်းဦး၊ စိုင်းလင်းမြင့်၊ ဒေါ်ခင်မမမျိုးတို့က ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ပတ်သက်၍ အဓိက ထားဆွေးနွေးခဲ့ကြပြီး   ညနေပိုင်းတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဦးသိန်းဦး၊ ဒေါ်ခင်မမ မျိုးနှင့် ဒေါက်တာအေးမောင် တို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တိုင်းရင်းသား လူငယ်ညီလာခံကို ဇူလိုင်လ ၂၇ရက်က စတင်ကျင်းပနေခြင်း ဖြစ်ပြီး ညီလာခံ ပထမနေ့ တွင် ၂၁ရာစု ပင်လုံကိစ္စနှင့် အနာဂတ် မြန်မာနိုင်ငံတည်ဆောက်ရေးတွင် မည်သည့်အခန်းကဏ္ဍက ပါဝင်နိုင်ရေးတိုပကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ညီလာခံ ပထမနေ့တွင် တက်ရောက်လာသည့် ဗမာတိုင်းရင်းသားကိုယ်စားလှယ်များအပေါ် အခြားတိုင်း ရင်းသား ကိုယ်စားလှယ်များ အထင်အမြင်လွဲမှားစေနိုင်မည့် အသုံးအနှုန်းများ ပြောဆိုခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ညီလာခံ ပထမနေ့ ညနေပိုင်းအစီအစဉ်တွင် ဗမာတိုင်းရင်းသားများသည် အခြားတိုင်းရင်းသားများအပေါ် အနိုင်ကျင့် စော်ကားမှုများ ပြုလုပ်ခဲ့သည်ဟု သုံးနှုန်းပြောဆိုခဲ့မှုများရှိပြီး ယင်းကဲ့သို့ သုံးနှုန်းခြင်းသည် စည်းလုံးခြင်းကို ပျက်ပြားစေသော အသုံးအနှုန်း ဖြစ်သည့်အတွက် ညီလာခံ ဆက်လက် ကျင်းပနေစဉ်အတွင်း ယင်းသို့
ဆက်လက် ပြောဆိုခြင်း မပြုလုပ်ရန် ညီလာခံသို့ တက်ရောက်နေသည့် ဗမာတိုင်းရင်းသားကိုယ်စားလှယ် (၂၇)ဦးက အစည်းဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်း ကိစ္စနှင့် ပတ်သက်၍ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် လူငယ်ညီလာခံ၏ မူအတိုင်း တန်းတူညီတူ ဖြစ်ရေးကြိုးစားဆောင်ရွက်နေပြီး အချင်းချင်းကြားတွင် အဆင်ပြေစေရန် အတတ်နိုင်ဆုံး ကြိုးစားသွားမည် ဟု မိုင်းမျိုးအောင်က ပြောသည်။

ညီလာခံ တတိယနေ့တွင် တက်ရောက်လာသည့် လူမျိုးစုအသီးသီးမှ တင်သွင်းသည့် စာတမ်းများကို အပြန်အလှန်ဆွေးနွေး၍ အမြင်ဖလှယ်သွားမည် ဖြစ်ကြောင်းလည်း ညီလာခံဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly