မတ္တရာမြို့နယ်၊ (ဗြဟ္မစာရီ နာမှုကူညီရေးအသင်း) ဓမ္မရတနာငွေစုအသင်း စုကြေးငွေကိစ္စ အသင်းဝင်များ ဆန္ဒပြ

မတ္တရာမြို့နယ်၊ (ဗြဟ္မစာရီ နာမှုကူညီရေးအသင်း) ဓမ္မရတနာငွေစုအသင်း စုကြေးငွေကိစ္စ အသင်းဝင်များ ဆန္ဒပြ
ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ

မန္တလေး၊ ဇူလိုင် ၂၈ ။                   ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ (ဗြဟ္မစာရီ နာမှုကူညီရေးအသင်း) ဓမ္မရတနာငွေစုအသင်း ကော်မတီဝင်အချို့သည် အသင်းဝင် ၇၀၀ ကျော်တို့၏ စုကြေးငွေများကို ထုတ်မပေးပဲ အလွဲသုံးစားပြုခဲ့သည်ဟု စွပ်စွဲကာ အသင်းဝင်အချို့ ဇူလိုင်လ ၂၈ ရက်၊နံနက် ၁၁ နာရီတွင် ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။

အဆိုပါ အသင်းကော်မတီဝင်အချို့သည် အသင်းဝင် ၇၀၀ ဦးကျော်၏ ဆုကြေးငွေ ကျပ်သိန်း ၁၂၀၀ ကို အလွှဲသုံးစား ပြုလုပ်ထားသည်ဟု ဆန္ဒပြသူများက စွပ်စွဲပြောဆိုသည်။

ဗြမ္မာစာရီနာမှုကူညီရေးအသင်းမှ တာဝန်ရှိသူများသည် စုကြေးငွေများကို ရှင်းလင်းမပေးသည့်အပြင် အသင်းရုံးကိုလည်း ၂၀၁၆ခုနှစ် ဧပြီလမှစတင်၍ ပိတ်ထားခဲ့သည်ဟုလည်း စုကြေးထည့်ဝင်ထားသည့် အသင်းဝင်များက ဆိုသည်။

ဗြဟ္မစာရီ နာမှုကူညီရေးအသင်းကို ၂၀၀၁ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့ကာ ဓမ္မရတနာငွေစုအသင်းကိုလည်းဖွဲ့စည်းကာ အသင်းဝင် ၇၀၀ ကျော်က စုကြေးငွေထည့်ဝင်ကြခြင်းဖြစ်သည်။

" ကျွန်တော်တို့မြို့သူမြို့သားတွေ ယုံကြည်စွာအပ်နှံစုထားတဲ့ ငွေတွေပြန်လိုချင်လို့ အခုလို ဆန္ဒပြတောင်းဆိုရတာပါ။ စုတဲ့ဆိုတာ ရည်ရွယ်ချက်အမျိုးမျိုး၊ မျှော်လင့်ချက်အမျိုးမျိုးနဲ့ လက်လုပ်လက်စား အများစု စုကြတာ အခုလို ထုတ်မပေး ဘဲ အသင်းပါပိတ်ထားတော့ အများစု ဒုက္ခရောက်ရတယ်။ ဒါကြောင့်တစ်မြို့လုံးပါဝင်ပြီး ဆန္ဒပြကြတာပါပဲ"ဟု ဆန္ဒပြပွဲ ကို ဦးဆောင်သူမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်မောင်နိုင်က ပြောသည်။

ဆုကြေးငွေကိစ္စနှင့် ပတ်သက်၍ ညှိုနှိုင်းမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အဆင်မပြေသောကြာင့် သက်ဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇူလိုင် ၂၅ ရက်တွင် မြို့နယ်အဆင့် ကော်မတီဖွဲ့၍ ပြေလည်အောင်ဖြေပေးရန် အကြောင်းပြန်ထားသည်ဟုလည်း ဆန္ဒပြပွဲ ဦးဆောင်သူများက ဆိုသည်။

" ဈေးထဲမှာ ဈေးရောင်းပြီးစုခဲ့ကြတာပါ။ စုကြေးလေးရရင် အရင်းအနှီးလေးလုပ်ချင်လို့ပါ။ အခုမရတော့ အတော် အခက်အခဲ ဖြစ်တာပေါ့"ဟု ဆန္ဒပြပွဲတွင်ပါဝင်သူ မနှင်းနုယဉ်(စုကြေးငွေ ၆ သိန်းမရသေးသူ)က ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် "ဗြဟ္မစာရီ နာရေးကူညီမှုအသင်း၏ ဓမ္မရတနာ ငွေစုအသင်းကော်မတီလူကြီးများထံမှ အ သင်းသားများ၏ စုဆောင်းငွေများ ပြန်လည်ထုတ်ပေးရေး(ဒို့အရေး)၊စုဆောင်းငွေများပြန်လည်ထုတ်ပေးခြင်းမရှိသော ကော်မတီလူကြီးများအား ဥပဒေနှင့်အညီဆောင်ရွက်ပေးရေး(ဒို့အရေး)၊ယုံကြည်မှုဖြင့်စုဆောင်းထားသော စုကြေးငွေ များကို အလွဲသုံးစားပြုလုပ်ထားသူများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး(ဒို့အရေး)၊ ဗြဟ္မစာရီနာရေးကူညီမှု အသင်းကြီး၏ ဂုဏ်သိက္ခာကျဆင်းအောင် ပြုမူလုပ်ဆောင်သော ကော်မတီလူကြီးများအား တာဝန်မှဖယ်ရှားပြီး အသင်း ပိုင် ပစ္စည်းများကို မြို့ခံလူထုထံ အမြန်လွှဲပြောင်းပေးရေး(ဒို့အရေး)ဟူကြွေးကြော်ကာ
အမှတ် ၂ မြို့ သစ်ရပ်၊ ဆုထူး ပန်ဓမ္မာရုံမှစတင်၍ မြနန္ဒာလမ်းမှ တပင်ရွှေထီး လမ်းအတိုင်း၊ထိုမှ အမှတ် ၅ ရပ်ကွက်၊ဟစ်တိုင်ကွင်းထိ ချီတက်ခဲ့ကြသည်။

"ဒါမျိုးကမဖြစ်သင့်ဘူး။ဒီမြို့မှာ ဒီအသင်းကအကြီးဆုံးနဲ့ ပထမဆုံးတည်ထောင်ခဲ့တဲ့အသင်းပါ။ စုထားတဲ့သူတွေ တကယ်နစ်နာပါတယ်။"ဟု အမှတ်(၂)မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြောသည်။

အဆိုပါ စုကြေးငွေ ကိစ္စနှင့် ပတ်သက်၍ ဗြဟ္မစာရီ နာမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးကျော်ညွန့် က "ကျွန်တော်တို့ ပြေလည်အောင် ဖြေရှင်းပေးသွားမယ်။ အခုလည်း ကျွန်တော်တို့ကို သက်ဆိုင်ရာက စစ်ဆေးနေပါတယ်။ သူတို့တိုင်ထားလို့ပါ။ စာရင်းစစ်တာပြီးတာနဲ့ ဖြေရှင်းပေးသွားမှာပါ။"ဟုပြောသည်။ ဓမ္မရတနာ ငွေစုအသင်းတွင် စုကြးငွေထည့်ဝင်သူအများစုသည် မတ္တရာဈေးမှ ဈေးသူဈေးသားများဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly