အင်ဒိုသမ္မတက အစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်း

အင်ဒိုသမ္မတက အစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်း

ဇူလိုင် ၂၇ ။              ။ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ၎င်း၏ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်သည်ဟု ဇူလိုင်လ ၂၇ ရက်က ကြေညာလိုက်သည်။ ၎င်းဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်ရန် အတွက် နှစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။

ယခုပြင်ဆင်ဖွဲ့စည်းမှုများအရ ကမ္ဘာ့ဘဏ် မန်နေးဂျင်း ဒါရိုက်တာ ဆရီ မူလ်ယန်နီ အင်ဒရာဝါတီက နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသစ်ဖြစ်လာခဲ့သည်။ အလားတူ ယခင် စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဝီရန်တိုမှာလည်း လုံခြုံရေး ဝန်ကြီးဖြစ်လာခဲ့သည်ဟု သိရသည်။

ဘဏ္ဍာရေးဝန်ကြီးသစ်ဖြစ်လာသည့် ကမ္ဘာ့ဘဏ် အမှုဆောင် ဆရီ မူလ်ယန်နီမှာ ယခင် သမ္မတ ဆူဆီလို ဘမ်ဘန်း လက်ထက်ကလည်း ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူူးသူဖြစ်သည်။ ဂျိုကိုဝီလက်ထက် ဘဏ္ဍာရေးဝန်ကြီးတာဝန်ယူခဲ့သည့် ဘမ်ဘန်း ဘရိုဂျိုနီဂိုရိုမှာမူ ယခုအခါ အမျိုးသားတိုးတက်ရေးနှင့်စီမံကိန်းဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူသွားမည်ဖြစ်သည်။

အလားတူ နိုင်ငံတွင် အရေးပါသော ဝန်ကြီးဌာနတစ်ခုဖြစ်သည့် ကုန်သွယ်ရေး ဝန်ကြီးအဖြစ် Nasden ပါတီမှ အန်ဂါတီယာစတို လူကီတာ ခန့်အပ်ခံခဲ့ရသည်ဟု သိရသည်။

ယခု ပြင်ဆင်ဖွဲ့စည်းမှုများတွင် သမ္မတ ဂျိုကိုဝီက ရေကြောင်းကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး နှင့် ရင်းနှီးမြုှပ်နှံရေး ဘုတ်အဖွဲ့ ဥက္ကဌ ရာထူးနေရာများကိုပါ ပြောင်းလဲဖွဲ့စည်းမှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly