တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးသို့ ဝ၊ ကိုးကန့်၊ ပလောင် နှင့် နာဂအဖွဲ့တို့ မတက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးသို့ ဝ၊ ကိုးကန့်၊ ပလောင် နှင့် နာဂအဖွဲ့တို့ မတက်
ဓာတ်ပုံ-KNUHQ/Facebook

ချင်းမိုင်၊ ဇူလိုင် ၂၆ ။  ။ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံ ညီအစည်းအဝေး ပထမနေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့ တက်ရောက်နေပြီး ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA) အပါအဝင် အဖွဲ့အစည်း ၄ ဖွဲ့ တက်ရောက်လာခြင်း မရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်ထိ လေးရက်ကြာ ကျင်းပမည့် မျက်နှာစုံညီ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂၁ ဖွဲ့ ဖိတ်ကြားခဲ့သော်လည်း UWSP/UWSA ၊ ကိုးကန့်တပ် (ခေါ်) 
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်(MNDAA)နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)တို့ လေးဖွဲ့မှာ မတက်ရောက်ခဲ့ပေ။ တက်ရောက်လာခြင်း မရှိခဲ့ပေ။

“ကျနော်တို့လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့မှာ ဝကတော့ တက်ရောက်နိုင်ခြင်းမရှိဘူး။ နိုင်ငံတော်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်နဲ့တွေ့ဖို့၊ အစည်းအဝေးအချိန်နဲ့တိုက်လို့ မတက်နိုင်ဘူး။ ပလောင်ကလည်း မတက်နိုင်ဘူး။ ကိုးကန့်နဲ့ နာဂလည်း မတက်နိုင်ဘူး။ ဘာကြောင့် မတက်ဘူးဆိုတာ အကြောင်းမကြားဘူး။ သူတို့မှာလည်း အခက်အခဲရှိလို့ မတက်နိုင်တာ ဖြစ်မှာပေါ”ဟု အစည်းအဝေး ကျင်းပရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၂၆ ရက် ပထမနေ့ အစည်းအဝေးတွင် ၁၉၄၇ခုနှစ်က ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့အစည်းများ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ ဦးဆောင်ပါဝင်ပြီး ကိုယ်စားလှယ် ၉၀ ကျော်၊ လေ့လာသူ ၂၀၀ ကျော် စုစုပေါင်း ၂၁၆ ဦး တက်ရောက်ခဲ့ပြီး ပင်လုံဆိုင်ရာ စာတမ်းကို အသေးစိတ် သုံးသပ်ပြင်ဆင် ဖြည့်စွက်ခဲ့ကြသည်ဟု သူက ပြောသည်။

“ဒီနေ့က ပင်လုံဆိုင်ရာစာတမ်းကို သုံးသပ်တယ်။ ပြင်ဆင်တယ်။ ပိုမိုပြည့်စုံဖို့အတွက် သမိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ပြီးတော့ ကျနော်တို့ မေးမြန်းတယ်။ ဆွေးနွေးကြတယ်။ ပင်လုံကတိကဝတ်ဆိုတာဘာလဲ။ ပင်လုံအကြောင်းကို ဒီပင်လုံစာချုပ်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံသမ္မတ ဆိုတာ ပေါ်လာတယ်ဆိုတာတွေ ဆွေးနွေးတာပေါ့နော်”ဟု သူက ဆက်လက် ပြောဆိုသည်။

ကိုယ်စားလှယ်များအဖြစ် ဖိတ်ကြားခံရသော WLB ၊ ပြည်တွင်းမှ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင်တိုင်းရင်းသားပါတီ ဖက်ဒရေးရှင်း(NBF)တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်နေသည်။ ထို့ပြင် ကုသလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဘီဂျေးနမ်ဘီယာ(Mr Vijay Nambian)၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေးဌာန၏ အာရှရေးရာ အထူးသံသမန် Mr Sun Guoxiang တို့လည်း တက်ရောက်နေသည်။

ပထမနေ့အစည်းအဝေးတွင် သဘာပတိအဖြစ် သဘာပတိအဖြစ် UNFC ဥက္ကဌ၊ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်နှင့် ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံ ကိုယ်စားလှယ်လို့ အသီးသီးက အစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြသည်။

အစိုးရမှ ၂၁ ရာစု ပင်လုံညီလာခံကို ပြုလုပ်သွားမည့် အစီအစဉ်ရှိနေပြီး တိုင်းရင်းသားများဘက်မှလည်း ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ပုံဖော်သွားနိုင်မည့် ဘုံသဘောထားများ သဘောတူညီချက်တူ ချမှတ်သွားနိုင်ရန် အရေးကြီးကြောင်း ပထမနေ့ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ထွန်းလာရေးအတွက် တိုင်းရင်သားများအကြား စုစည်းညီညွတ်မှုသည် အရေးကြီးသလို၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်လည်း အရေးပါကြောင်း၊ အပစ်ရပ်၊ အပစ်မရပ် တိုင်းရင်းသား အဖွဲ့အစည်းများဟူ၍ ကန့်သတ်ချက်မရှိသင့်ကြောင်းနှင့် တိုင်းရင်းသားများအကြား ယုံကြည်မှုနှင့် စုစည်းညီညွတ်မှုကို ကျဆင်းစေမည့် အကြောင်းအရာများကိလည်း ရှောင်ရှားကြရန် နိုးဆော်ထားသည်။

လေးရက်ကြာ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ခေါင်းစဉ် လေးခုဖြစ်သော (၁)ပင်လုံ လက်တွဲစာတမ်းဆွေးနွေး အတည်ပြုခြင်း၊ (၂)ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲစည်းပုံအခြေခံ ဥပဒေများအတွက် အခြေခံမူများ၊ (၃) လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများနှင့် (၄) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် ပြင်ဆင်ရေးတို့ ဆွေးနွေးကြမည်ဟု ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

အဓိက ရည်ရွယ်ချက်မှာ ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရေးအတွက် အကြို ညှိနှိုင်းရေးနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထား ရပ်တည်ချက် ရယူရေးတို့ ဖြစ်သည်။

အစည်းအဝေးတွင် ကုသလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာ(Mr Vijay Nambian)ကလည်း အစိုးရသစ်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အရေးကြီးသည့် ခေါင်းစဉ်တခုဖြစ်ကြောင်း ပြောဆိုထားသလို၊၂၁ ရာစုပင်လုံ ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုများကို ကြည့်ခြင်းအားဖြင့် ၁၉၄၇ ပင်လုံစာချုပ်အပေါ်မှာ ရှိလာသည့် အခြေခံပြီး ၂၁ ရာစု ပင်လုံ ညီလာခံလည်း အောင်မြင်မှုအလားအလာ ရှိသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

“အရေးအကြီးဆုံးက ကျနော်တို့အနေနဲ့ တစ်စုတဖွဲ့ထဲဘဲ ယုံကြည်မှု တည်ဆောက်ဖို့အတွက် တိုင်းပြည် အနာဂတ်အတွက် စုပေါင်းပြီးတော့မှ တည်ဆောက်သွားဖို့အတွက် အရေးကြီးပါတယ်။ ဖြစ်မြောက်ကော်မတီ ဥက္ကဌ ပြောသွားတဲ့အတိုင်း စည်းလုံး ညီညွတ်ရေးဟာ အရမ်းကို အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုတည်ဆောက်ခြင်းဟာ ဒီအစည်းအဝေးကနေ ထွက်လာမယ့် ရလာဒ်ဖြစ်တယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ ယုံကြည်ပါတယ်”ဟု ပြောဆိုထားသည်။

အနာဂတ်မှာ ခိုင်မာတဲ့ တိုင်းပြည်တခု တည်ဆောက်ဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အစိုးရတို့နှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းနှင့် လာမည့် ရက်ပိုင်းအတွင်း တိုင်းရင်သားခေါင်းဆောင်များ၏ ဆွေးနွေးချက်များကို အများကြီး လေ့လာရန် ရည်ရွယ်ထားပြီး ကြားရသည့် အချက်များအပေါ် မူတည်ပြီး ကုသလမဂ္ဂမှ ဘယ်လို ကူညီနိုင်ရန် စဉ်းစားပေးဖို့အတွက် အဆင်သင့်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ယခု ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် ကေအိုင်အိုက လက်ခံကျင်းပနေသည့် အစည်းအဝေးသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငါးကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးဖြစ်သည်။

ယနေ့အစည်းအဝေးတွင် တက်ရောက်လာသူ များပြားသဖြင့် အချိန်ကန့်သတ်ချက်များရှိသော်လည်း ဆွေးနွေးမှုများအပေါ်အားရမှုရှိသည်ဟု ပဒိုကွယ်ထူးဝင်းကပြောသည်။

ဒုတိယနေ့တွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲစည်းပုံအခြေခံ ဥပဒေများအတွက် အခြေခံမူများကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly