ရခိုင်ပြည်နယ်အတွင်း မြစိမ်းရောင် စီမံကိန်းမှ ငွေကျပ် သန်းပေါင်း ၃၁၂ သန်း ထုတ်ချေးသွားမည်

ရခိုင်ပြည်နယ်အတွင်း မြစိမ်းရောင် စီမံကိန်းမှ ငွေကျပ် သန်းပေါင်း ၃၁၂ သန်း ထုတ်ချေးသွားမည်
မြစိမ်းရောင် စီမံကိန်းအကြောင်း ရှင်းလင်းစဉ် (ဓာတ်ပုံ - RiA)

စစ်တွေ၊ ဇူလိုင် ၂၆ ရက် ။              ။ ရခိုင်ပြည်နယ်အတွင်း ယခုနှစ်တွင် မြစိမ်းရောင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းမှ ငွေကျပ်သန်းပေါင်း ၃၁၂ သန်းကို ကျေးရွာပေါင်း ၁၀၄ ရွာတွင် အရင်းအနှီးများ ပြုလုပ်နိုင်ရန်အတွက် ထုတ်ချေးပေးသွားမည်ဖြစ်သည်။

“မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၄-၁၅ ခုနှစ်ကနေစပြီး ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄/၁၅ မှာ ၈၅ ရွာ၊ ၁၅/၁၆ မှာ ၂၁၂ ရွာ၊ ထုတ်ချေးပေးထားပါပြီ။ ဒီနှစ် ၁၆/၁၇ မှာတော့ ၁၀၄ ရွာကို ထုတ်ချေးသွားဖို့ရှိပါတယ်။ ဒီနေ့အထိ ရခိုင်ပြည်နယ်အတွင်းမှာ ၄၀၁ ကို ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ရွာကို သိန်း ၃၀၀ စီဆိုတော့ အားလုံး ၁၂ ဘီလီယံလောက်ထိ ထုတ်ချေးပေးထားပြီးဖြစ်ပါတယ်။ ဒီနှစ်အတွက်တော့ ထုတ်ချေးမယ့် ငွေကျပ်စုစုပေါင်းက ၃၁၂ သန်းဖြစ်ပါတယ်။” ဟု စစ်တွေခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးမှူး ဦးအောင်သန်းက ပြောသည်။

ဇူလိုင် ၂၆ ရက်နေ့တွင် စစ်တွေမြို့၌ စတင်ထုတ်ချေးပေးခဲ့ပြီး ၎င်းကျေးရွာများမှာ အောင်မင်္ဂလာ၊ ကျောက်တန်းချေ၊ သုံးဆောင်ရွာ၊ အုန်းရည်ဖော်၊ ပျားလည်ချောင်း၊ ဇောဘူဂျာကျေးရွာများ ဖြစ်သည်။

“ဒီစီ်မံကိန်းက လှည့်ပါတ်ရံပုံငွေစနစ်ဖြစ်တဲ့အတွက် ဒီငွေတွေကို ကျေးရွာကော်မတီကပဲ ရွာမှာ ချေးသင့်ချေးထိုက်တဲ့သူတွေကို ဆုံးဖြတ်ပြီး ချေးပေးတာဖြစ်ပါတယ်။ အတိုးနှုန်းကိုတော့ သုံးလတစ်ကြိမ်စီ ကောက်သွားပါတယ်။ တစ်နှစ်ပြည့်တဲ့အချိန်မှာ မူလရံပုံငွေတွေကို ပြန်ပြီးတော့ ဆပ်ရပါတယ်။ နောက်တစ်နှစ်မှာလည်းပဲ အဲဒီငွေတွေကို ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့   ပြန်ပြီးချေးငှားပေးတာ ဖြစ်ပါတယ်။ အတိုးနှုန်းကတော့ ပြား ၅၀ ကနေ တစ်ကျပ်ခွဲအထိ သတ်မှတ်ထားပါတယ်။ ကျေးရွာကော်မတီကနေ သတ်မှတ်သွားမှာဖြစ်ပါတယ်။ ရလာတဲ့ အတိုးငွေတွေကိုလည်း တစ်စုံတစ်ခုကို ပေးသွင်းရတာမျိုးမဟုတ်ဘဲ အတိုင်းအတာတစ်ခုအထိ ရှိလာရင်တော့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။” ဦးအောင်သန်းက ပြောသည်။

အဆိုပါချေးငွေများအား အစိုးရက ပြန်လည်သိမ်းယူမှုများမပြုလုပ်ဘဲ ကျေးရွာ၏ အမြဲတမ်းရံပုံငွေအဖြစ် ထုတ်ချေးထားခြင်းဖြစ်ကာ လှည့်ပတ်ရံပုံငွေစနစ်ဖြင့် ထုတ်ချေးလျက်ရှိနေပြီး   ချေးရင်းငွေများကို ပြန်လည်ပေးဆပ်ရန် အခက်အခဲရှိနေသူများကိုလည်း အတင်းအဓမ္မ ပေးဆပ်ခိုင်းခြင်းမပြုလုပ်ဘဲ ယင်းအရင်းငွေများကို ပြန်လည်ရရှိလာအောင် ဆိုင်းငံ့ပေးခြင်း၊ အခြားနည်းများဖြင့် အကူအညီပေးခြင်းများဖြင့် ဆောင်ရွက်ပေးလျက် ရှိနေကြောင်းလည်း သိရသည်။

“အလိုမျိုးချေးငွေတွေကို ရရှိတဲ့အတွက် တော်တော်လေးကို အဆင်ပြေတဲ့အနေအထား ရှိပါတယ်။ ကျွန်တော်တို့ကတော့ ဒီငွေတွေကို ကျေးရွာရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ရောင်းကုန်ဝယ်၊   ဈေးသည်တွေကို ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ ရွာသားတွေကို ချေးပေးတဲ့အခါမှာလည်း လုပ်ငန်းအလိုက်ခွဲဝေပြီးတော့ ထုတ်ပေးသွားမှာဖြစ်ပါတယ်။   ပြင်ပကငွေချေးပြီးလုပ်ရတာနဲ့ စာရင်တော့ တော်တော်လေးကို သက်သာတဲ့အတွက် အဆင်ပြေပါတယ်။”ဟု ဇောဘဂျာကျေးရွာမှ ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှစိန်ကပြောသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ရခိုင်ပြည်နယ်အတွင်း ချေးငွေထုတ်ချေးပေးသွားရန်အတွက် လျာထားသည့် ကျေးရွာပေါင်းအရေအတွက်မှာ ၃၇၆၀ ခန့်ရှိပြီး လက်ရှိတွင် ၄၀၁ ရွာကိုသာ ပေးနိုင်သေးပြီး ကျန်ရှိနေသေးသော ကျေးရွာများကိုလည်း နိုင်ငံတော်မှ ချပေးသည့် ငွေကြးအပေါ်မူတည်ကာ ပြီးစီးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly