အရှုပ်ကြံမှု၊ လုပ်ကြံမှု

အရှုပ်ကြံမှု၊ လုပ်ကြံမှု

မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်တာ မဟုတ်ရပါဘူး။ ဆိုရေးရှိက ဆိုအပ်လှ၏ဆိုတဲ့ ပညာ ရှိများ ထုံးနှလုံးမူပြီး မောင်မှန်ရဲ့ ကိစ္စလေးတစ်ခု အရင်တင်ပြပါရစေခင်ဗျာ။ ကိစ္စက ပုဂ္ဂလိကကိစ္စလို့ ပြောလို့ရသလို အများနဲ့ဆိုင်တယ်လို့ဆိုရင်လည်း ရပါတယ်။ မောင်မှန်ဟာ ဘာကောင်မှ မဟုတ်ပါ ဘူး။ စာတိုပေစလေးတွေ ရေးနေတာလည်း သိလွန်းလှလို့ မဟုတ်ပါဘူး။ ကိုယ်ထိတွေ့ ခံစားမိတာ လေးတွေကို တစ်ဆင့် ပြန်တင်ပြရုံလောက်ပါပဲ။ အဲ အဲဒီလို ဘာကောင်မှမဟုတ်တဲ့ ဘာမှမသိ မတတ် တဲ့ မောင်မှန်ဟာ အတု လုပ်ခံနေရရှာပါတယ်။

ပုံနှိပ်စာမျက်နှာတွေမှာတော့ မဟုတ်ပါဘူး။ Online စာမျက်နှာပေါ်မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲ ကာလလောက်မှာ မောင်မှန် မိတ်ဆွေတစ်ယောက်က မောင်မှန်ဆီ ဖုန်းဆက်လာပါတယ်။ ခင်ဗျား Facebook သုံးသလား။ online မှာ စာရေးသလားတဲ့။ မောင်မှန်က ကျနော် Facebook မသုံး၊ Online မှာ စာမရေးတာ ခင်ဗျားသိသားနဲ့ ဘာလို့ မေးရတာလဲဆိုတော့   သေချာအောင်   မေးရတာပါတဲ့။ သေချာသွားတဲ့အခါမှ မိတ်ဆွေက သူ့စကားကို ဆက်ပါတယ်။ "ဒီလိုဗျ မောင်မှန်ဆိုတဲ့နာမည်နဲ့ Online မှာ ရေးတဲ့ စာတွေ့လို့ပါ။ ရေးထားတာက လူမျိုးခြား ဆန့်ကျင်ရေး၊ အဲဒီအပြင် ဗိုလ်ချုပ်အောင် ဆန်းကိုတောင် စော်ကားထားလိုက်သေးတယ်။ ပြီးတော့ NLD ပါတီကိုလည်း မွတ်ဒေါင်း ဘာညာဆို ပြီး လုပ်ထားတယ်။ ဒါမျိုးတွေ ခင်ဗျားရေးလေ့ မရှိမှန်း ကျနော်သိတယ်။ ဒါကြောင့် ကျနော် သတင်း လှမ်းပေးတာဗျ" တဲ့။ မောင်မှန်က ဒါဆိုလည်း ပုံနှိပ်မီဒီယာက မောင်မှန်နဲ့ Online က မောင်မှန် မတူ ကြောင်း Online ကနေ ခင်ဗျားပဲ ရှင်းပြပေးပါဆိုတော့ မိတ်ဆွေက ကောင်းပါပြီတဲ့။

အဲဒီတုန်းကတော့ သာမန်နာမည်တူတာ ဖြစ်မှာပါလေဆိုပြီး ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့မိပါ တယ်။ ဒါပေမဲ့ ဒီကိစ္စ ဒီမှာ ရပ်မသွားပါ။ အခုရက်ပိုင်းမှာလည်း မောင်မှန်အတု အရေးအသားတွေဟာ Online မှာ ဆက်လက် ပေါ်ပေါက်နေပါသေးသတဲ့။ မောင်မှန် မိတ်ဆွေအချို့ကပဲ ပြောတာပါ။ ဒါကြောင့် မဇ္ဈိမ Online သတင်းစာကနေ မောင်မှန် ရှင်းလင်းရတာပါ။ မောင်မှန်ရေးတဲ့ Online ဆိုလို့ မဇ္ဈိမ သတင်းစာသာ ရှိပါတယ်။ ကျန်တာ ဘာမှ မရှိပါ။ မောင်မှန့်ကို အမုန်းစကားဆိုသူအဖြစ် အများ ပြည်သူ အထင်လွဲအောင် လုပ်ဆောင်နေသူများလည်း ရပ်တန်းက ရပ်ကြရင် ကောင်းမယ် ထင်ပါ တယ်။ မရပ်တော့ ဘာလုပ်ချင်သတုံး မေးလာခဲ့ရင်တော့ တောင်းပန်ချင်တာပါ ခင်ဗျာလို့ပဲ မောင်မှန် က ဖြေရမှာပါ။ မောင်မှန်တို့ ပြည်သူတွေမှာ ဒီနည်းကလွဲလို့ တစ်ပါး အခြားမရှိ မဟုတ်ပါလားခင်ဗျာ။ ခုခါမှ ကတိုက်ကရိုက် ထရှင်းရတာကလည်း လတ်တလောမှာ ၆၆(ဃ)ဆိုတာတွေ အပြတ်ပေါနေလို့ ပါ။ တော်ကြာ မောင်မှန်ဟာ Online ကနေ နိုင်ငံတော် အကြီးအကဲတွေကို အကြည်အညိုပျက်စေတဲ့ စာတွေ၊ ပုံတွေ ရေးနေ တင်နေတယ်ဆိုပြီး စွပ်စွဲခံရရင် မခက်ပါလား။ ရှင်းတာက နောက်မှ၊ ရှုပ်သွား မှာက အရင်မဟုတ်လား။ ဒါကြောင့်ပါခင်ဗျာ။ မောင်မှန်ဟာ ဘာကောင်မှ မဟုတ်ပါ။ မောင်မှန်ကို အရှုပ်မကြံကြပါနဲ့ နော်လို့။

၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကြီးလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီး သွားခဲ့ပါပြီ။ ဒီနှစ်ကတော့ အရင့်အရင် နှစ်တွေနဲ့မတူ တမူထားခြားတာ ပြည်သူအများ သိရှိပြီးသားပါ။ အများပြည်သူ အထိတ်တလန့်ဖြစ်မှာစိုးလို့ ဥသြမဆွဲရတာပါဆိုတဲ့ လူကြီးလူကောင်းများလည်း ဒီနှစ် အာဇာနည်နေ့ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရဦးမယ် ထင်ပါတယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဥသြသံ၊ စက်ရုံတွေက ဥသြသံနဲ့ ကားဟွန်းသံတွေကြားမှာ ဘယ်ပြည်သူ တစ်ဦးတစ်ယောက်များ အထိတ်တလန့် ဖြစ်သွားသလဲလို့၊ (အိမ်ထဲမှာနေပြီး စာဖတ်နေသူကြီး တစ်ယောက်ကတော့ဖြင့် အခု လောက် ဥသြသံတွေ ကျယ်လောင်လာတာကို အထိတ်တလန့်ဖြစ်ကောင်း ဖြစ်နေမှာပါ။ )

နောက်ရှိသေးတယ်။ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာပါ။ ဥသြဆွဲလိုက်ရင် ကားတွေ ရုတ်တ ရက် ဘရိတ်အုပ်လိုက်ရတဲ့အတွက် ယာဉ်မတော်တဆမှုတွေ ဖြစ်နိုင်လို့ ဥသြမဆွဲရတာတဲ့။ ပြောခဲ့ကြ   သေးတယ်။ ပြောလည်း ပြောတက်ပလေတယ်။ ပြောလည်း ပြောရဲပလေတယ်။ ကဲ ပြီးခဲ့တဲ့ ၁၉ ဇူလိုင် ရဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗမာပြည် ဘယ်နေရာ၊ ဘယ်ဒေသမှာ ဥသြသံကြောင့် ယာဉ်မတော်တ ဆမှု  ဖြစ်ခဲ့တာများ ရှိခဲ့ပါသလားခင်ဗျာ။

နောက်ထပ် ပြောခဲ့ပြန်တာက ကမ္ဘာကြီးပေါ်မှာတဲ့၊ အာဇာနည်နေ့ ကျင်းပတဲ့နိုင်ငံ  နိုင်ငံ ၁၆ နိုင်ငံ ရှိပါသတဲ့။ ကျန်တဲ့နိုင်ငံတွေမှာ ဥသြမဆွဲပါဘူးတဲ့။ ဒါကြောင့် ဗမာနိုင်ငံမှာလည်း ဥသြမဆွဲတော့ ပါဘူးတဲ့။ အဲဒါ ပြည်ခိုင်ဖြိုး ပြန်ကြားရေး ဒုဝန်ကြီးရဲ့ စကားနော်။ မဆီလေးရယ်မှ အို မဆိုင်ဘဲ။ သူပဲ ပေါက်ပေါက်ရှာရှာ ပြောတတ်တယ်။ ဗဟုသုတကလည်း ကြွယ်ပါ့။ ကမ္ဘာပေါ်မှာ အာဇာနည်နေ့ ကျင်းပတဲ့ နိုင်ငံအရေအတွက်ပါ သေချာ လေ့လာထားတယ်။ ဥသြမဆွဲတာလည်း သိလိုက်တာပဲ။ ခိုင်ခိုင်မာမာ ဘာမှ အကြောင်းပြစရာ မရှိလေတော့ ပေါက်တတ်ကရ လျှောက်ပြောကြတယ်။ ဒါဖြင့် သူများနိုင်ငံတွေမှာ အာဇာနည်နေ့ကြရင် အစိုးရတစ်ဖွဲ့လုံး တစ်နေကုန် ရင်ဘက်စည်တီး ငိုကြွေးကြရ တယ်ဆိုရင်ကော လိုက်ငိုကြမလား။ နောက်ပြီး ဥသြဆွဲတဲ့ကိစ္စက ဗမာပြည်မှာ ဟိုအရင်ကတည်းက ရှိတာပဲဟာ။ ခုမှ အသစ် စလုပ်ဖို့ ပြောနေကြတာမှ မဟုတ်ဘဲ။ ဒါကို မျက်နှာပြောင်တိုက် ငြင်းခဲ့ကြ တယ်။ ဟော အခု ဒီနှစ် ဥသြပြန်ဆွဲလိုက်ပြီ။ ကျန်တဲ့ ၁၅ နိုင်ငံ ဆွဲဆွဲ၊ မဆွဲဆွဲ မောင်မှန်တို့နိုင်ငံ   ပြန်ဆွဲလိုက်ပြီ။ ဘာဖြစ်သေးတုန်း။ ဒီဥသြသံ ရေရှည်ခံဖို့သာ လိုပါတယ်။ အာဇာနည်စိတ်ဓာတ်လည်း ဥသြသံနဲ့ အတူ တစ်ပြည်လုံးကို လွှမ်းခြုံ ပျံ့နှံ့ဖို့သာ လိုပါတယ်။ မောင်မှန်တို့ ပြည်သူတွေဟာ ဒီမိုက ရေစီ အပြည့်အဝ မရကြသေးဘူးမို့လား။ အာဇာနည်စိတ်ဓာတ်တွေနဲ့ ရှေ့ခရီး အများကြီး ဆက်ကြ ရဦးမှာ။

ဒီနှစ်တော့ အာဇာနည်ဗိမာန်မှာလည်း အကြီးစား ပြင်ဆင်မွမ်းမံမှုတွေ လုပ်ထားတာလည်း တွေ့ရရဲ့။ ကြယ်နီကြွေကြီးတစ်ပွင့် မြေခနေတဲ့ ဒီဇိုင်းကိုလည်း တွေ့တယ်။ မောင်မှန်တော့ ဒီ ဒီဇိုင်းကို သိပ် ဘဝင်မကျလှဘူး။ (မောင်မှန် စိတ်ခံစားမှု သက်သက်ပါ) ကြယ်ကြွေဝိညာဉ်တို့ မည်သည်မြေ၌ မတည်၊ ကောင်းကင်ဘုံ၌သာ တည်၏လို့ မောင်မှန် ယုံကြည်ထားလို့ပါခင်ဗျာ။ အခမ်းအနား တက်ရောက်သူတွေမှာလည်း ထူးခြားတာတွေ ရှိတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တက်ရောက် ဂါရဝပြုတယ်။ ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်ဆိုလားပဲ။

ဗိုလ်ချုပ်နေဝင်းလက်ထက်တုန်းက တစ်ကြိမ် တက်ရောက်ဖူးသတဲ့။ ဝမ်းသား အဲလဲ ကြိုဆို ဂုဏ်ပြု ထောက်ခံချီးမွမ်းကြသူတွေ မနည်းပေဘူး။ သေသေချာချာ စဉ်းစားကြည့်ပါ။ တပ်မတော်ကို စတင် တည်ထောင်ခဲ့သူ တပ်မတော်ဖခင်ကြီးရဲ့ လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့တဲ့ အာဇာ နည်နေ့ အခမ်းအနားကြီးမှာ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တိုင်းဟာ နှစ်တိုင်း ပုံမှန် တက်ရောက်ရမှာပါ။ ခုကျတော့ အမှားကြာအမှန်ဖြစ်ဆိုသလို ဖြစ်ရလေတယ်။ ဘာပဲဖြစ်ဖြစ် အစဉ် အလာကောင်းတစ်ခုအဖြစ် ကျန်ရစ်ရင်တော့ ကောင်းပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံး လေပြီးသော အာဇာနည်အပေါင်းဟာ ခဏခဏ အသုံးချခံကြရလွန်းလို့ မောင်မှန်စိတ်ထဲ စိုးရိမ်ကဲ မိတာကတော့ အမှန်ပါပဲခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly