မိုင်ဂျာယန်တိုင်းရင်းသားလက်နက်ကိုင်စုံညီအစည်းအဝေးသို့ TNLA မတက်

မိုင်ဂျာယန်တိုင်းရင်းသားလက်နက်ကိုင်စုံညီအစည်းအဝေးသို့ TNLA မတက်
(ဓာတ်ပုံ- Mai Mai Labang) 

ချင်းမိုင်၊ ဇူလိုင် ၂၅ ။  ။ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

မြန်မာ့တပ်မတော်ဘက်မှ PSLF/TNLA အဖွဲ့အပေါ် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လိုပါက လက်နက်စွန့်ရမည်ဟု ပြောဆိုထားသဖြင့် မိုင်ဂျာယန် အစည်းအဝေး တက်ရောက်လာသော အဖွဲ့အစည်းများအားလုံးက အစိုးရနှင့် တပ်မတော်တို့နှင့် တွေ့ဆုံညှိနှိုင်းမှုများ ရှိသဖြင့် ၎င်းတို့အဖွဲ့ကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် မတက်ရောက်နိုင်ခြင်း ဖြစ်သည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာ့တပ်မတော်က ကျနော်တို့ကို လက်နက်စွန့်ပြီးမှ ပါဝင်ခွင့်ရမယ်လို့ပြောတာပေါ့နော်။ အဲဒါကြောင့် မိုင်ဂျာယန်မှာ ကျနော်တို့ တက်မယ်ဆိုရင် အဲဒီမှာ တက်မဲ့လူတွေက အများအားဖြင့် အစိုးရနဲ့ တပ်မတော်တွေနဲ့ တွေ့ဆုံ ညှိနှိုင်းထားတဲ့အဖွဲ့ အစည်းတွေပဲပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်မှာ ကျနော်တို့ တက်မယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပူးပေါင်းပါဝင်မှုကိစ္စ မဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်တယ်။ အစည်းအဝေးက ကျနော်တို့ကြောင့် တခုခု ဖြစ်သွားမှာ စိုးရိမ်တာတခု၊ နောက်တခုက ဒီအစည်းအဝေးကို ဦးဆောင်တဲ့အဖွဲ့မှာ အာစီအက်စ်အကစ်က ပါတာတွေ့ရတယ်။ အာစီအက်စ်အက်စ်နဲ့ ကျနော်တို့ကြားမှာ ခုထိ တိုက်ပွဲဖြစ်နေသေးတယ်။ အဲဒါကြောင့်မို့ ဒီအစည်းအဝေးကို တက်မယ်ဆိုရင် မလိုလားအပ်တဲ့ စစ်ရေးတင်းမာမှုတွေ ဖြစ်လာနိုင်တယ် အဲဒါကြောင့် မတက်တာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ရန် ဖိတ်ကြားခဲ့ရာ ဇူလိုင် ၂၅ရက် ညနေပိုင်းထိ PSLF/TNLA တစ်ဖွဲ့သာ မတက်ရောက်နိုင်ကြောင်း အကြောင်းပြန်ထားသည်ဟု အစည်းအဝေး ကျင်းပရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ပဒိုကွယ်ထူးဝင်းက ပြောသည်။

“အခုကTNLA ကတော့ မတက်ရောက်နိုင်ဘူး။ မိုင်းလားကတော့ လေ့လာသူအနေနဲ့တက်မယ်။ ဝ က တက်၊ 
မတက် အခုထက်ထိ အကြောင်းမပြန်လာသေးဘူး။ ခုထိတော့ ရှာမတွေ့ရသေးဘူးပေါ့နော်။ အကြောင်းပြန်ဖို့ မရှိသေးဘူး၊ အခုတော့ တဖွဲဖွဲတော့ရောက်နေကြတယ်။ တချို့က ညမှရောက်မယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ယနေ့ညနေပိုင်းထိ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ကလည်း တက်ရောက်ခြင်းမရှိသေးသလို၊ မတက်ရောက်ကြောင်းလည်း အကြောင်း ပြန်ထားခြင်း မရှိသေးကြောင်း ကြောင်း ပဒိုကွယ်ထူးဝင်းက ပြောသည်။ သို့သော် မိုင်းလားအဖွဲ့ (NDAA)ကမူ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခြင်းမရှိဘဲ လေ့လာသူအဖြစ်သာ တက်ရောက်မည် ဖြစ်ကြောင်း သူက ပြောသည်။

အစည်းအဝေးသို့ လေ့လာသူများအဖြစ် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယား၊ အရှေ့တောင်အာရှမှ ရေးရာကိုယ်စားလှယ်၊ တရုတ်နိုင်ငံ ကိုယ်စားလှယ်များနှင့် တစ်ခြား လေ့လာသူများအဖြစ် တသီးပုဂ္ဂလ စာရေးဆရာများလည်း တက်ရောက်မည် ဖြစ်ကြောင်း သူက ပြောသည်။

အလားတူ ပြည်တွင်းမှ သတင်းဌာနပေါင်း ၄၀ ကျော် တက်ရောက်ရန် ရှိသော်လည်း ယခုညနေပိုင်းထိ ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်တွင် စတင်မည့် မျက်နှာစုံညီ အစည်းအဝေးအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပြီး တစ်ချို့ အဖွဲ့အစည်းများက လမ်းခရီးတွင် ရောက်ရှိနေသေးကြောင်း ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ဒီမှာကျတော့ လုံခြုံရေးကတော့ စိတ်ချရတယ်လေ၊ အားကုန်လုံး အဆင်ပြေပါတယ်”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။ လက်ရှိ အစည်းအဝေးသို့ တက်ရောက်လာမည့် ကိုယ်စားလှယ်များအား ကြိုဆို ဧည့်ခံနေသူများ ထောင်ချီရှိနေသည်ဟု သူက ပြောသည်။

ယမန်နေ့ထိ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်လွှတ်မြောက်ရေးပါတီ(ALP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း(NBF) စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၆၇ ဦးအား မူဆယ်မြို့နယ်မှ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကြိုဆိုခဲ့သည်။

ဇူလိုင်လ ၂၅ ရက်တွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့အစည်းများ အပါအဝင် ကိုယ်စားလှယ် ၅၀ ကျော်အား ဆက်လက် ကြိုဆိုခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly