ရီယို အိုလံပစ် ပြိုင်ပွဲအတွက် ဘရာဇီးတွင် လုံခြံုရေးတိုးမြင့်၊ တပ်ဖွဲ့ဝင် အင်အား ၆၀,၀၀၀ ကျော် စတင် တပ်ချထား

ရီယို အိုလံပစ် ပြိုင်ပွဲအတွက် ဘရာဇီးတွင် လုံခြံုရေးတိုးမြင့်၊ တပ်ဖွဲ့ဝင် အင်အား ၆၀,၀၀၀ ကျော် စတင် တပ်ချထား

ဇူလိုင် ၂၅ ။            ။ ၂၀၁၆ ရီယိုအိုလံပစ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဘရာဇီးတွင် ယခုအခါ လုံခြုံရေးအင်အား ၆၀,၀၀၀ ကျော်ကို စတင်တပ်ချထားပြီဖြစ်သည်။ လာမည့် သြဂတ်လ ၅ ရက်တွင် စတင်မည့်ပြိုင်ပွဲအတွက် ယခုအခါ အားကစားသမားများလည်း စတင်ရောက်ရှိလာနေပြီဖြစ်ပြီး ရီယိုဒီဂျနေရိုးမြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ နေရာယူထား ပြီးဖြစ်သည်။

ဘရာဇီးအစိုးရအနေဖြင့် ဇူလိုင်လ ၂၄ ထိ မြို့အနှံ့တွင် လုံခြုံရေးအင်အား ၆၀,၀၀၀ ကို တပ်ဖြန့်ထားပြီးဖြစ်သကဲ့သို့ ပြိုင်ပွဲကာလတစ်လျှောက်လုံးအတွက် စုစုပေါင်း ရဲ၊စစ်သားနှင့် အခြားလုံခြုံရေး ဝန်ထမ်းဦးရေပေါင်း ၈၅,၀၀၀ ကျော်ထိ ထားရှိသွားရန်လည်း စီစဉ်ထားသည်။

ယခုကဲ့သို့ လုံခြုံရေးအင်အား တိုးမြင့်ချထားခြင်းက လူဦးရေ ၁၂ သန်းရှိ မြို့တွင် တရားဥပဒေ စိုးမိုးမှု ရှိစေရေးအတွက် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ ဘရာဇီး ထောက်လှမ်းရေး တပ်ဖွဲ့များသည်လည်း နိုင်ငံတကာ ထောက်လှမ်းရေးအင်အားစုများနှင့် ပူးပေါင်းချိတ်ဆက်ထားလျက်ရှိပြီး အယ်လ်ကိုင်ဒါနှင့် အိုင်အက်စ်တို့ကဲ့သို့သော အကြမ်းဖက်အဖွဲ့များထံမှ ခြိမ်းခြောက်လာနိုင်မှုမှ  ကြိုတင်ကာကွယ်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း အိုင်အက်စ် သစ္စာခံ ဘရာဇီးနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးမိရာတွင် ဘရာဇီးထောက်လှမ်းရေးတပ်ဖွဲ့ကို အမေရိကန်၏ FBI က သတင်းပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly