ထိုင်းကြာဇံစက်ရုံမှ လုပ်အားခ မရသည့် မြန်မာအလုပ်သမား ၁၃၀ ကျော် အလုပ်မှထွက်လိုက်ရ

ထိုင်းကြာဇံစက်ရုံမှ လုပ်အားခ မရသည့် မြန်မာအလုပ်သမား ၁၃၀ ကျော် အလုပ်မှထွက်လိုက်ရ
(ဓာတ်ပုံ-ရဲမင်း)

ချင်းမိုင်၊ ဇူလိုင် ၂၄ ။           ။ ထိုင်းနိုင်ငံ လပ်ဘူရီခရိုင် ဘန်ပုံမြို့နယ်ရှိ လုံမေဂျီလတ် ကြာဇံစက်ရုံမှ နှစ်နိုင်ငံ သဘောတူစာချွန်လွှာ (MOU) ဖြင့် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၃၀ ကျော်သည် လုပ်အားခ မရခြင်းနှင့် အလုပ်နေ့စဉ် မလုပ်နိုင်သဖြင့် အလုပ်မှ ထွက်လိုက်ရသည်ဟု သိရသည်။

"အလုပ်နေ့စဉ်မရှိဘူး။ ၅ ရက်နားလိုက်ရ။ ၁၀ ရက်နားလိုက်ရ၊ တခါတလေ ၁၈ ရက်၊ရက် ၂၀ လောက် ဆက်တိုက် နားနေရတဲ့အလုပ်သမားတွေပေါ့နော်။ အဓိကတော့ လုပ်အားခ ပုံမှန်မရှင်းတာရယ်။ အလုပ်နေ့စဉ်မရှိလို့ အလုပ်ရုံကနေ ထွက်သွားတာ”ဟု မြန်မာသံရုံး အလုပ်သမားဦးစီးစောင့်ရှောက်ရေးကော်မတီ(AAC) မှ ကိုရဲမင်းက ပြောသည်။

၎င်းအလုပ်သမားများမှာ မြန်မာနိုင်ငံ Moom Bear အေဂျင်စီမှ တာဝန်ယူ ပို့ဆောင်ထားသည့် မြန်မာအလုပ်သမားများ ဖြစ်ပြီး အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၄၉ ဦးတို့ ဖြစ်သည်ဟု သိရသည်။

လက်ရှိ အဆိုပါ အလုပ်သမားများသည် အလုပ်ရုံနှင့် မနီးမဝေးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ခိုလုံနေပြီး လုပ်အားခ နှစ်လနီးပါးစာ ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းစောင့်ဆိုင်းနေသည်။ လက်ရှိတွင် ထိုင်းစစ်တပ်၊ ထိုင်းအာဏာပိုင်များ၊ အလုပ်ရှင်နှင် Moom Bear အေဂျင်စီတို့ ဖြေရှင်းပေးနေသည်ဟု သိရသည်။

ဇူလိုင်လ ၂၅ ရက်တွင် ပထမ တစ်လစာ လုပ်အားခ ရှင်းပေးရန်နှင့် ကျန်တစ်လစာအတွက် လကုန်တွင် ပြန်လည်ဖြေရှင်းပေးရန် အလုပ်ရှင်ဘက်မှ တင်ပြခဲ့သည်ကို အလုပ်သမားများက လက်မခံဘဲ နှစ်လစာအတွက် တစ်ချိန်တည်း ရှင်းပေးရန် တောင်းဆိုနေသည်ဟု သူက ပြောသည်။

တစ်ချိန်တည်းမှာပင် ထိုင်းစစ်တပ်နှင့်ထိုင်းရဲတပ်ဖွဲ့က မြန်မာအလုပ်သမားများအနေဖြင့် စက်ရုံတွင် ဆက်လက် အလုပ် မလုပ်တော့ပါက အဆိုပါ အလုပ်သမားများကို ဖမ်းဆီး၍ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု ပြောဆိုမှုများ ရှိနေသည်ဟု သူက ပြောသည်။

“အခုအခက်အခဲကတော့ အလုပ်သမားတွေ အတင်းအဓမ္မ မြန်မာနိုင်ငံကို ပြန်ပို့တယ်ဆိုရင် မြန်မာနိုင်ငံထဲထိ လိုက်ပြီးတော့ တောင်းဆိုရတာပေါ့။ အလုပ်သမားတွေကို ပိုက်ဆံတွေ အကုန်ခံပြီးတော့ တက်လာတယ်။ ဒီရောက်တော့လည်း အလုပ်လုပ်ခွင့်တွေအတွက် ထပ်ကုန်တယ်။ အခုဒီလိုအလွယ်တကူ မောင်းထုတ်လို့ ဘယ်ရမလဲ”ဟု ကိုရဲမင်းက ပြောသည်။

ဇူလိုင်လ ၁၃ ရက်ကလည်း ထိုင်းနိုင်ငံ စမွန်စာခွန်ခရိုင် မဟာချိုင် ဝဘ်ကန်ရပ်ကွက်ရှိ TUNA ငါးသေတ္တာ စက်ရုံမှ လုပ်အားခ တောင်းဆိုသည့် မြန်မာအလုပ်သမား ၁၀၀ ခန့်ကို အလုပ်ရှင်က အလုပ်ဖြုတ်ကာ အလုပ်ရုံမှ မောင်းထုတ်ခံခဲ့ရသည်။ အဆိုပါ အလုပ်သမားများကိုလည်း အလုပ်ရှင်မှ လုပ်အားခ ပြန်လည် ရရှိခြင်း၊ အလုပ်ပြောင်းရွှေ့ခွင့်များ ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းတွင် မြန်မာအလုပ်သမားများကို အလုပ်ရှာဖွေပေးနေသည့် ထိုင်းအလုပ်ရှာဖွေရေး အေဂျင်စီ ၂၄ ခုနှင့် ကိုယ်စားလှယ် ၆ ဦးကို အလုပ်သမား အေဂျင်စီများ အလုပ်သမားများ စေလွှတ်ရာတွင် စည်းမျဉ်းစည်းကမ်းများ မလိုက်နာခြင်းကြောင့် မြန်မာအစိုးရက အမည်ပျက်စာရင်း သွင်းလိုက်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

“အမည်ပျက်စာရင်းထည့်တာက ထိုင်းကုမ္ပဏီတွေမှာ ဘာမှ လုပ်လို့မရပါဘူး။ တကယ်အမည်စာရင်းထည့်ရမှာက မြန်မာပြည်ဘက်က ကုမ္ပဏီတွေလေ။ ထိုင်းဘက်ကုမ္ပဏီတွေက အမည်ပျက်စာရင်းသွားထည့်လို့ မြန်မာပြည်ဘက်က ကုမ္ပဏီတွေက မောင်ဖြူမရရင် မောင်နီခေါ်မှာပေ၊ မောင်နီမရရင် မောင်အေးခေါ်မှာပေါ့။ လွယ်လွယ်လေးပဲ။ ပြောမယ်ဆို အရင်ကို မလုပ်ဘဲ အဖျားလေးတွေကို လိုက်ခုတ်တဲ့သဘောပါ။ ထိုင်းကုမ္ပဏီတွေက ရယ်တာပေါ့”ဟု ကိုရဲမင်းက ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ လာရောက် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်ရှိသော်လည်း နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ဝင်ရောက်လာသူ အလုပ်သမား ၂ သိန်းခန့် ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly