ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ ခန္တီးမြို့ စာသင်ကျောင်းအချို့ ပိတ်ထားရမည်

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ ခန္တီးမြို့ စာသင်ကျောင်းအချို့ ပိတ်ထားရမည်

မုံရွာ၊ ဇူလိုင် ၂၄ ။              ။ ချင်းတွင်းမြစ်ရေ တတိယအကြိမ်မြင့်တက်လာခဲ့သဖြင့် ခန္တီးမြို့တွင် ဇူလိုင် ၂၃ရက်က စတင်ကာ စာသင်ကျောင်းများ ပိတ်ထားရပြီး တနင်္လာနေ့တွင် ကျောင်းဖွင့်နိုင်ဦး မည်မဟုတ်ဟု ခန္တီးဒေသခံများက ပြောသည်။

မြစ်ရေဝင်ရောက်ခဲ့မှုကြောင့် ရပ်ကွက်ကျေးရွာတချို့ပြောင်းရွှေ့နေရခြင်းများ ရှိပြီး စာသင်ကျောင်းများလည်း ပိတ်ထားရခြင်းဖြစ်သည်။

"ကျောင်းပေါင်း ၁၅ ကျောင်းလောက်ရှိမယ်၊ မနေ့က စပြီးပိတ်တာ။ စိုးရိမ်ရေမှတ်ကျော်သွားပြီ၊ ၁၅၀၀ စင်တီမီတာ ရောက်ရင်တော့ ခန္တီးမြို့ရေမြုပ်ပြီ။" ဟု ခန္တီးဒေသခံ ကိုအောင်ဆန်းမြင့်က ဇူလိုင်၂၄ ရက်ကပြောသည်။

လက်ရှိအချိန်တွင် ခန္တီးမြို့၌ ၁၄၇၀ စင်တီမီတာထိ ရောက်ရှိနေပြီဖြစ်သည်။ ခန္တီးမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၃၆၀ စင်တီမီတာဖြစ်သည်။ ယခုချင်းတွင်းမြစ်ရေ တက်လာသည်မှာ ယခုနှစ်မိုးရာသီအတွင်း တတိယအကြိမ် ရေတက်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေတက်လာသဖြင့် အမက၄၊ အမက ၃၊ နားမေတ္တာ အမက၊ ဇီးဖြူကုန်းရွာ၊ ကင်းတော်ရွာ၊ ကချင်ရွာစာသင်ကျောင်း၊ ဆင်သေ အလက၊ မှန်ပင်ရွာ၊ ကောင်းဟိန်၊ စိန်နန်ရွာ၊ ဖားမောင်ရွာ၊ နန်ဖာရွာ၊ ဟိန်ဇောရွာ၊ တို့ရှိစာသင်ကျောင်းများ ပိတ်ထားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေသခံများမှာ ရေလွတ်ရာသို့ ပြောင်းရွှေ့နေကြရပြီး ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရှိကြောင်း၊ ကုန်းမြင့်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဒေသခံ ကိုရှမ်းမော်က ပြောသည်။

ခန္တီးမြို့သည် ချင်းတွင်းမြစ်ဘေးတွင် တည်ရှိပြီး ဇူလိုင်လဆန်းပိုင်းကလည်း ချင်းတွင်းမြစ်ရေ ရေဝင်ရောက်ခဲ့ သဖြင့် ဒေသခံများ ပြောင်းရွှေ့နေထိုင်ရမှုများ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly