အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်

လာအိုနိုင်ငံတွင် ယနေ့ ဇူလိုင် ၂၄ ရက်တွင် စတင်ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအဖြစ် တက်ရောက်မည်ဖြစ်သည်။

ဗီယက်ကျန်းမြို့တော်တွင် ကျင်းပမည်ဖြစ်သော အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် မည်သည့်ကိစ္စရပ်များ ပြောကြားမည်ကို မျှော်လင့်ချက်များ မြင့်တက်လျက်ရှိနေပြီး အစည်းအဝေးတက်ရောက်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဆီယံ၏ လုပ်ငန်းစဉ်ဦးစားပေးများကို သိရှိလာနိုင်ရေး ပြောဆိုစည်းဝေးရန် အကြံပေးမှုများလည်း ရှိနေသည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံအဖွဲ့ကြီး ခွာပြဲသွားနိုင်သော ပြဿနာဖြစ်သည့် တောင်တရုတ်ပင်လယ်အရေးက အဓိကဆွေးနွေးစရာဖြစ်နိုင်သည်။ မြန်မာနိုင်ငံက တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုတွင် ပါဝင်ရှိနေသည့် နိုင်ငံတစ်နိုင်ငံမဟုတ်သော်လည်း အများစုက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တောင်တရုတ်ပင်လယ်အရေးတွင် မည်သို့ ပြောဆိုမည်ကို သိရှိရန် မေးမြန်းဆွေးနွေးလိမ့်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှာ တရုတ်နှင့် နယ်စပ်ထိစပ်ကာ အဓိကကျသည့် နိုင်ငံဖြစ်ပြီး နိုင်ငံအတွက် အကြီးဆုံးရင်းနှီးမြုပ်နှံသည့်နိုင်ငံက အင်အားကြီး တရုတ်နိုင်ငံပင်ဖြစ်သည်။

တောင်တရုတ်ပင်လယ်အရေးတွင် မြန်မာနိုင်ငံက ရပ်တည်ပါဝင်မှုဖြင့် အာဆီယံစည်းလုံးညီညွတ်မှုကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ဖော်ဆောင်ပြသရန် လိုအပ်ကြောင်း နိုင်ငံရေးစောင့်ကြည့်သူများ ပြောသည်။

ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် အာဆီယံ-တရုတ် အစည်းအဝေး၌ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ နယ်ချဲ့ထွင်မှုများနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်း ပြင်းထန်သော စကားလုံးများဖြင့် ဖော်ပြသည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပြီးနောက် အငြင်းပွားမှုများဖြင့် အစည်းအဝေးက အဆုံးသတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly