ကန်တော်ကြီးဥယျာဉ် အတွင်းရှိ စားသောက်ဆိုင်များ အရက်ဘီယာ ရောင်းချခွင့်ပိတ်ပင်

ကန်တော်ကြီးဥယျာဉ် အတွင်းရှိ စားသောက်ဆိုင်များ အရက်ဘီယာ ရောင်းချခွင့်ပိတ်ပင်

ရန်ကုန်၊ ဇူလိုင် ၉ ။     ။ ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ စားသောက်ဆိုင်များကို အရက်ဘီယာရောင်းချခွင့်ကို ဇူလိုင် ၈ရက်မှစတင်ကာ ပိတ်ပင်လိုက်ပြီဟု ကန်တော်ကြီးဥယျာဉ်အတွင်းရှိ စားသောက်ဆိုင်များက မဇ္ဈိမကို ပြောသည်။

ကန်တော်ကြီးဥယျာဉ်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးချင်းစီကို ကန်တော်ကြီး ပန်းခြံစီမံခန့်ခွဲခွင့်ရရှိထားသည့် ကုမ္ပဏီက ရန်ကုန်မြို့တော်စည်ပင်သာယာ၏ တားမြစ်ချက်အရ ဟုဆိုကာ အရက်ဘီယာ ရောင်းချခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အမည်မဖော်လိုသူ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ ဆိုင်စာချုပ် ချုပ်တုန်းကကုမ္ပဏီက ရရှိထားတဲ့ အရက်ဘီယာ
ရောင်းချခွင့်လိုင်စင်က ကျွန်တော်တို့ကို တစ်ဆင့်ခံ ကာဗာဖြစ်တယ်ဆိုတာပါတယ်။ ရောင်းချခွင့်လည်းရတယ်။ အရက်ဘီယာ
ရောင်းချခွင့်ပိတ်ပင်လိုက်ရင် ဆိုင်ရပ်တည်မှုအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်”ဟုပြောသည်။

ဆိုင်ခန်းစာချုပ် ချုပ်ရာတွင် အစားအသောက်ရောင်းချခြင်းအတွက် ကျန်းမာရေးလိုင်စင်နှင့် ယစ်မျိုးလိုင်စင်တို့ကို ကရဝိတ်ဥယျာဉ် ကမ္ဘာဘက်က ပေးဆောင်ပါမည်ဟု ပါဝင်ချုပ်ဆိုထားခြင်းဖြစ်သည်။

စားသောက်ဆိုင်ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းမှာ အရက်ဘီယာ ရောင်းချရာမှတစ်ဆင့် ရရှိခြင်းဖြစ်ပြီး အရက်ဘီယာ ရောင်းချခွင့် ပိတ်ပင်သည်ကို ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ဆိုင်ပိုင်ရှင်တစ်ဦးချင်းစီကို ခေါ်ယူပြောဆိုခြင်းဖြစ်ပြီး အစည်းအဝေးကဲ့သို့ စုစည်းကာ ပြောဆိုခြင်း မဟုတ်သည့်အတွက် ပွင့်လင်းမြင်သာမှု မရှိဟုလည်း ၎င်းကပြောသည်။

ကန်တော်ကြီးဥယျာဉ်အတွင်း သွားရောက်လည်ပတ်လေ့ရှိသူ ကိုမိုးက “ကန်တော်ကြီးမှာ မူးပြီး ရန်ဖြစ်တယ်တော့ မကြားမိဘူး။
ကျွန်တော်မသိတာလားတော့မသိဘူးပေါ့။ ကောင်းတယ်မကောင်းဘူး ပြောဖို့ကျတော့ခက်တယ်။ ကျွန်တော်တို့ လူငယ်တွေ အတွက်ကတော့ မကောင်းဘူးဘဲ ပြောရမယ်ပေါ့”ဟုပြောသည်။

ကန်တော်ကြီး ပန်းခြံ စီမံခန့်ခွဲခွင့်ရရှိထားသည့် ကုမ္ပဏီကို ဖုန်းဖြင့် မဇ္ဈိမမီဒီယာက ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းဆက်သွယ်မှု မရရှိခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly