ဒေါ်အောင်ဆန်းစုကြည်နှင့် “ဝ”၊ မိုင်းလား အဖွဲ့တုုိ့ သီးသန့်တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် “ဝ”၊ မိုင်းလား အဖွဲ့တုုိ့ သီးသန့်တွေ့ဆုံမည်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ခေါင်းဆောင်များနှင့် ဇူလိုင်လ ၁၇ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်။(ဓာတ်ပုံ - အီးပီအေ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် မိုင်းလား(NDAA) ခေါင်းဆောင်များနှင့် နေပြည်တော်တွင် ယခုလကုန်ပိုင်းတွင် သီးသန့်တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

မိုင်းလား(NDAA) ဘက်မှ ဥက္ကဌ အပါအဝင် ခေါင်းဆောင်ပိုင်း ၁၀ ဦးခန့် တက်ရောက်မည် ဖြစ်ကြောင်း NDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောသည်။

“အစိုးရသစ် လက်ထက်မှာ ကျနော်တို့နဲ့ နိုင်ငံတော် အတိုင်ပင်ခံ မတွေ့သေးဘူးဆိုတော့ ကျနော်တို့ ဒီလကုန်ပိုင်း နိုင်ငံတော် အတိုင်ပင်ခံ နိုင်ငံခြား ခရီးစဉ်ကနေပြန်ရောက်လာရင် ၂၉ ၊ ၃၀ လောက်မှာ တွေ့ဖြစ်မယ်။ ကျနော်တို့ဘက်က ခေါင်းဆောင်တွေ အားလုံး တက်မယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ သွားရောက် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အဓိကအားဖြင့် ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍ အမြင်သဘောထားများကို ရှင်းပြသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“ကျနော်တို့က ဝ ဒေသက အခြေအနေတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေတွေကို တင်ပြမယ်။ နောက် ၂၁ ရာစု ပင်လုံနဲ့ ပတ်သက်လို့ ကျနော်တို့ အမြင်တွေ ရှင်းပြမယ်”ဟု သူက မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ကလည်း မိုင်းလားနှင့် ဝ အဖွဲ့တို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီမှ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အဖွဲ့က မိုင်းလာသို့ သွားရောက် တွေ့ဆုံကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်တွင် ပူးပေါင်းပါဝင်ရန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ နေပြည်တော်တွင် လာရောက်ပြီး နိုင်ငံတော် အကြီးအကဲများနှင့် တွေ့ဆုံရန် ဖိတ်ကြားခဲ့သည်။

ဝ နှင့် မိုင်းလားအဖွဲ့သည် ယခင်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA)ကိုမူ သဘောတူကြောင်း လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမည်ဟု ပြောဆိုလိုက်ပြီးနောက် NCA တွင် လက်မှတ်မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ခေါင်းဆောင်များနှင့် ဇူလိုင်လ ၁၇ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly