ငြိမ်ချမ်းရေး၊ စီးပွားရေးကဏ္ဍများ NLD အစိုးရ ကောင်းမွန်အောင် လုပ်နိုင်ကြောင်း အမေရိကန် ချီးကျူး

ငြိမ်ချမ်းရေး၊ စီးပွားရေးကဏ္ဍများ NLD အစိုးရ ကောင်းမွန်အောင် လုပ်နိုင်ကြောင်း အမေရိကန် ချီးကျူး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသစ်ဟာ ပထမ ရက် ၁၀၀ အတွင်း စီးပွားရေးနဲ့ ငြိမ်းချမ်းရေး ကဏ္ဍတွေမှာ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ကြောင်း အမေရိကန်အစိုးရက ချီးကျူးလိုက်ပါတယ်။

အိမ်ဖြူတော် အမျိုးသား လုံခြုံရေးပြောခွင့်ရ ပုဂ္ဂိုလ် Myles Canggins က ဗွီအိုအေ သတင်းဌာနကိုပြောဆိုရာမှာ “မြန်မာအစိုးရသစ်အနေနဲ့ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး တွေမှာ ပိုမိုကောင်းမွန် လာအောင် ထင်ထင်ရှားရှားဆောင်ရွက်နိုင်တဲ့အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာလည်း အရှိန်မြှင့် ဆောင်ရွက်နေသလို အုပ်ချုပ်ရေးကဏ္ဍနဲ့ လူအခွင့်အရေးကို လေးစား ကာကွယ်ရေးတို့မှာ တိုးတက်မှုရှိအောင်လုပ်ကိုင်နေပြီး လူထုအခြေပြုအဖွဲ့အစည်းတွေကိုလည်း ပံပိုးကူညီနေတာပါ” လို့ ပြောဆိုခဲ့ပါတယ်။

အလားတူ အစိုးရရဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့လည်း “ခေါင်းဆောင်သစ်တွေ တက်လာပြီးတဲ့နောက် ပထမရက်ပေါင်း (၁၀၀)အတွင်း မြန်မာအစိုးရသစ်ရဲ့ စွမ်းဆောင်ချက်တွေမှာ ကြီးမားတဲ့ အောင်မြင်မှုတွေလုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန်အစိုးရက ယူဆပါတယ်” လို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။

သြဂုတ်လအတွင်း ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံအတွက် မြန်မာခေါင်းဆောင် အားလုံးရဲ့ ကြိုးပမ်းမှုတွေကို အမေရိကန်အစိုးရက ချီးကျူး ဂုဏ်ပြုကြောင်းလည်း Myles Canggins က ဗွီအိုအေ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

လာမည့်လများအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကို လာရောက်နိုင်ဖို့ သမ္မတ အိုဘားမားက ဖိတ်ကြားထားရာ “မြန်မာခေါင်းဆောင်တွေ တရားဝင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာရောက်လည်ပတ်မယ့်ကိစ္စဟာ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးကို ကြိုပြီးတော့ အထောက်အကူပေးပါတယ်။ သမ္မအိမ်ဖြူတော်ကို လာ မယ့် မြန်မာခေါင်းဆောင် တွေကို ကြိုဆိုဖို့ သမ္မတအိုဘားမားက မျှော်လင့်နေတာပါ” လို့လည်း Myles Canggins က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမေရိကန်နိုင်ငံဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေးနှင့် အမျိုးသား လုံခြုံရေး ဒုတိယအကြံပေး Ben Rhodes ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ အမေရိကန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ သမ္မတ အိုဘားမားက ဖိတ်ကြားကြောင်း Ben Rhodes က ပြောဆိုခဲ့ပါတယ်။

“အခု Ben Rhodes ကတဆင့် ဖိတ်ကြားတာဟာ တိုးတက်လာနေတဲ့ မြန်မာနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ရော သမ္မတအိုဘားမား ကိုယ်တိုင်ပါ ဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။ ဒီလို အမေရိကန်သမ္မတကိုယ်တိုင် အလေးထားဖိတ်ခေါ်မှုဟာ အတော်ရှားပါတယ်” လို့လည်း Myles Canggins က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly