အထက်လွှတ်တော် အမတ်တစ်ဦးကို လာဘ်ထိုးမှုဖြင့် အီတလီ ၀န်ကြီးချုပ်ဟောင်း ဘာလူစကိုနီအား ထောင်၃နှစ် ပြစ်ဒဏ် ချမှတ်

အထက်လွှတ်တော် အမတ်တစ်ဦးကို လာဘ်ထိုးမှုဖြင့် အီတလီ ၀န်ကြီးချုပ်ဟောင်း ဘာလူစကိုနီအား ထောင်၃နှစ် ပြစ်ဒဏ် ချမှတ်

ရောမ၊ ဇူလိုင်-၉ ။      ။ အထက်လွှတ်တော် အမတ်တစ်ယောက်ကို လာဘ်ထိုးမှုဖြင့် နေပယ်ရုံးတော်က ထောင်၃နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် အီတလီဝန်ကြီးချုပ်ဟောင်း ဆီဗီယို ဘာလူစကိုနီမှာ ဥပကြောင်းအရ ထိုးနှက်မှုအသစ်တစ်ရပ်နှင့် ရင်ဆိုင်နေရသည်။

သို့ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများကြောင့် အသက် ၇၈နှစ်အရွယ် ဘာလူစကိုနီမှာ မည်သည့်အခါမျှ ထောင်ဒဏ် ကျခံရလိမ့် မည်မဟုတ်ကြောင်း ၎င်း၏ရှေ့နေ နစ်ကိုလို ဂီဒီနီက ပြောကြားခဲ့သည်။

စီရင်ချက်ကို မမျှတဟု ဂီဒီနီက ပြစ်တင်ဝေဖန်လိုက်ပြီး၊ အမှုမှာ နိုဝင်ဘာ ၆ရက်နေ့တွင် ကန့်သတ်ကာလသို့ ရောက်ရှိသွားလိမ့် မည်ဟုလည်း ပြောဆိုခဲ့သည်။   

ထိုသတ်မှတ်ရက်အလွန်တွင် မည်သည့်ဥပဒေကြောင်းအရေးယူမှုမျှ မပြုလုပ်နိုင်ဘဲ အယူခံကို ဆုံးဖြတ်ရန်လည်း အချိန်မလုံလောက်သောကြောင့် ပြစ်ဒဏ်စီရင်ချက်မှာ ဘာလူစကိုနီအဖို့ ဥပဒေကြောင်းအရ အကျိုးဆက်တစ်စုံတစ်ရာ ရှိလိမ့်မည်မဟုတ်ပေ။

‘ကောင်းမွန်တဲ့ တရားခွင်ဆိုပေမယ့်လည်း အကျိုးဆက်အနေနဲ့ကြည့်ရင် သတ်မှတ်ရက် ကုန်ဆုံးတော့မယ့်အခြေအနေက စီရင်ချက်ရဲ့ အကျိုးဆက်အားလုံးကို ပျက်ပြယ်သွားစေခဲ့တယ်’’ဟု အစိုးရရှေ့နေ(ဆွဲချ) ဟင်နရီ ဂျွန် ဝုကောက်က ပြောကြား ခဲ့သည်။

၂၀၀၆မှ ၂၀၀၈အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဗဟိုလက်ဝဲအစိုးရကို မတည်မငြိမ်ဖြစ်စေရန် ကြံစည်ခဲ့မှုအပေါ် မူတည်၍ ဤအမှုပေါ်ပေါက်လာခဲ့ခြင်းပင်ဖြစ်သည်။ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဆာဂျီယို ဒီ ဂရီဂိုရီယိုအား ထိုစဉ်က ဝန်ကြီးချုပ် ရိုမန်နို ပရော့ဒီ၏ ညွှန့်ပေါင်းအစိုးရမှ နှုတ်ထွက်စေရန်အတွက် ကြားခံလူတစ်ယောက်မှတစ်ဆင့် ယူရို ၃သန်း (ကန်ဒေါ်လာ ၃.၃သန်း) လာဘ်ပေးခဲ့သည်ဟု ဆိုသည်။  

ရည်ရွယ်ချက်မှာ ထိုစဉ်က ကွဲပြဲနေပြီးသား ညွှန့်ပေါင်းအစိုးရကို ပိုမိုအားနည်းသွားစေရန်ဖြစ်ပြီး၊ ဆာဂျီယို၏ နှုတ်ထွက်မှုမှာ ပရော့ဒီ၏အစိုးရကို အထိနာသွားစေမည်ဟု အများက ယူဆခဲ့ကြသည်။ ပရော့ဒီ၏ အစိုးရမှာ ရွေးကောက်ခံရပြီး နှစ်နှစ်အကြာ ၂၀၀၈ခုနှစ်တွင် ပြိုလဲသွားခဲ့သည်။  

ဘာလူစကိုနီ၏ ဗဟိုလကျ်ာ ဖော်ဖာအီတလီယာပါတီက နောက်ဆက်တွဲ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အီတလီဝန်ကြီးချုပ်အဖြစ် တတိယမြောက်သက်တမ်းကို ၂၀၁၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ အထက်လွှတ်တော်အမတ် ဆာဂျီယိုကလည်း ထိုစဉ်က နှုတ်ထွက်ခအဖြစ် လာဘ်ငွေယူခဲ့ကြောင်း ဝန်ခံခဲ့သည်။

လာဘ်ငွေမှာ ပရော့ဒီကို ပထုတ်ပြီး ဝန်ကြီးချုပ်နေရာကိုယူရန် ထက်သန်ပြင်းပျနေသည့် ဘာလူစကိုနီ၏ ရည်မှန်းချက်ပေါက်မြောက်ရေး ကြီးမားသော ရင်းနှီးမြှုပ်နှံမှု၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်ဟု အစိုးရရှေ့နေ ဗင်စင်ဇို ပစ်စီတယ်လီက ရုံးတော်သို့ ပြောကြားခဲ့သည်။

ယခုနှစ်အစောပိုင်းက ဘာလူစကိုနီမှာ စီးပွားရေးလုပ်ငန်းအခွန်ရှောင်မှုဖြင့် ပြစ်ဒဏ်အနေဖြင့် လူမှုရေးဝန်ဆောင်မှုတာဝန်ကို ထမ်းဆောင်ခဲ့ရသော်လည်း အသည်းသူခိုးမလေး ပတ္တမြားဟု ထင်ရှားသည့် အသက်မပြည့်သေးသည့် ကချေသည်လေးနှင့် လိင်မှုကိစ္စရှိခဲ့သည်ဟူသည့် စွဲချက်မှာမူ ထိုကချေသည်မလေးမှာ အသက်မပြည့်သေးကြောင်း ဘာလူစကိုနီကိုယ်တိုင်က မသိနိုင်ဟူသော အကြောင်းပြချက်ဖြင့် တရားသူကြီးများက ပယ်ချခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly