ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်က ဗာဂျီးနီးယား အထက်လွှတ်တော်အမတ် တင်မ်ကိန်းကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်

ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်က ဗာဂျီးနီးယား အထက်လွှတ်တော်အမတ် တင်မ်ကိန်းကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်

ဇူလိုင် ၂၃ ။                 ။ အမေရိကန် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ဟီလာရီ ကလင်တန်က ဗာဂျီးနီးယားပြည်နယ်မှ အထက်လွှတ်တော်အမတ်ဖြစ်သူ တင်မ်ကိန်းအား သူမ၏ ဒုသမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံမည်သူအဖြစ် ရွေးချယ်ကြောင်း ဇူလိုင် ၂၂ ရက်က ကြေညာသွားသည်။

အိမ်ဖြူတော်သို့ချီတက်လာလမ်းကြောင်းတွင် စပိန်စကားပြောဆိုနိုင်သော တင်မ်ကိန်းနှင့် အတူ လက်တွဲရန် ဟီလာရီက ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

" ကျွန်မရဲ့ ဒုတိယလောင်းအဖြစ် အထက်လွှတ်တော်အမတ် တင်မ်ကိန်းကို ရွေးချယ်လိုက်ပါတယ်၊ ခုလို ကြေညာရတာကိုက စိတ်လှုပ်ရှားစရာပါပဲ၊ သူဟာ သူ့ဘဝတစ်လျှောက်လုံး အများအတွက် အလုပ်လုပ်ဖို့ မြုှပ်နှံထားသူပဲဖြစ်ပါတယ်" ဟု ကလင်တန်က တွစ်တာမှတဆင့် ရေးသားထုတ်ဖော်သွားခဲ့သည်။

အသက် ၅၈ နှစ်ရှိ တင်မ်ကိန်းမှာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် အထူးကျွမ်းကျင်သူဖြစ်ကြောင်းနှင့် ဖော်ရွေနှစ်လိုဖွယ်ကောင်းသူတစ်ဦးဖြစ်ကြောင်း ဟီလာရီက ချီးကျူးစကားဆိုသွားခဲ့သည်။

" တင်မ်ကိန်းဟာဆိုရင် ဘယ်လိုပြဿနာမျိုးကိုမဆို ပြေလည်အောင်ဖြေရှင်းနိုင်ရမယ်ဆိုပြီး ယုံကြည်ထားတတ်သူလည်းဖြစ်ပါတယ်" ဟု ဟီလာရီက ထပ်လောင်းချီးကျူးသွားခဲ့သည်။

လက်တစ်လောတွင် ကိန်းသည် အမေရိကန် အထက်လွှတ်တော် ပြည်ပဆက်ဆံရေး နှင့် စစ်လက်နက်ရေးရာ ကော်မတီများတွင် တာဝန်ထမ်းဆောင်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly