သတ်မှတ်ထားသည့် လစာထက် လျှော့ပေးမှုကြောင့် အလုပ်သမား ၂၀၀ ကျော်အလုပ်ထွက်ခဲ့

သတ်မှတ်ထားသည့် လစာထက် လျှော့ပေးမှုကြောင့် အလုပ်သမား ၂၀၀ ကျော်အလုပ်ထွက်ခဲ့
ပုသိမ်မြို့ရှိ North Shore Group ကုမ္ပဏီ မျက်နှာစာကို ဇူလိုင် ၉ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)

ရန်ကုန်၊ ဇူလိုင် ၉ ။    ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ North Shore Group စက်ရုံအလုပ်သမားများကို အလုပ်ခန့်စဉ်က သဘောတူ ထားသည့် လစာထက် လျှော့ပေါ့ပေးမှုကြောင့် အလုပ်သမား ၂၀၀ ကျော်က ဇူလိုင် ၉ ရက်တွင် အလုပ်မှ နုတ်ထွက်လိုက်ကြ သည်။

အခြေခံအလုပ်သမား တစ်ဦးအတွက် အလုပ်ဝင်စဉ်က တစ်လ ၆၄,၆၅၀ ပေးမည်ဟု သဘောတူထားသော်လည်း လစာထုတ် ရာတွင် ၄၄,၀၀၀သာ ရရှိသဖြင့် နုတ်ထွက်လိုက်ခြင်း ဖြစ်သည်ဟု အလုပ်သမားတစ်ဦးဖြစ်သူ မဥမ္မာက မဇ္ဈိမကို ပြောသည်။

“သမီးတို့ကို စခန့်တုန်းကတော့ ၆ သောင်းကျော်ပေးမယ်ဆိုပြီးတော့ခန့်တယ်။ တစ်ကယ့်တစ်ကယ်ပေးတော့ ၄၄၀၀၀ပဲ ရတယ်။ အဲဒါက ဖယ်ရီကြေးမပါသေးဘူး။ ဖယ်ရီကြေးက ၁၃၀၀၀ ပေးရတယ်။ နုတ်လိုက်ရင် သမီးတို့အတွက်က ၃၀၀၀၀ကျော်ပဲရတယ်။ အဲဒါကြောင့် ထွက်ပြီးတော့ အိမ်မှာပဲလယ်ပြန်လုပ်တော့မယ်” ဟု ၎င်းကပြောခဲ့သည်။

North Shore Group စက်ရုံတာဝန်ခံ ဦးတင်ရွှေက စက်ရုံရှိ အလုပ်သမားများကို ဖယ်ရီခ တစ်လလျှင် ၅၀၀မျှ ပေးနိုင်မည်ဟုသာ မီဒီယာများကို ပြောဆိုခဲ့ပြီး အခြားကိစ္စများကိုမူ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

North Shore Group စက်ရုံတွင် အလုပ်သမား ၃၅၀ခန့်ရှိပြီး ယင်းစက်ရုံသည် စောင်၊ ဘောင်းဘီ နှင့် အဝတ်အထည် ချုပ်သည့် အထည်ချုပ်စက်ရုံတစ်ခုဖြစ်ပြီး အလုပ်သမား တစ်ဦး၏ အလုပ်ချိန်သည် နံနက် ၈နာရီမှ ည ၇နာရီအထိ အလုပ်လုပ်ရသည်ဟု ဆိုသည်။

စက်ရုံတာဝန်ခံကမူ စက်ရုံ၏ အလုပ်ချိန်သည် နံနက် ၈နာရီမှ ညနေ ၄နာရီအထိသာဖြစ်ကြောင်း မီဒီယာများကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly