ရန်ကုန်၊ ဇူလိုင် ၂၂ ။ ။ တရုတ်နိုင်ငံက လက်ရှိ အရပ်သားအစိုးရသစ် NLD အစိုးရထံကနေ မျှော်လင့်ချက်တွေရှိနေကြောင်း တရုတ်မူဝါဒရေးရာကျွမ်းကျင်သူ Stimson သုတေသနဌာနက မစ္စ ယန်ဆန်က ဗီအိုအေသတင်းဌာနနှင် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
လက်ရှိ NLD အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံကို အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေး၊ စစ်ရေးစသည့် ကဏ္ဍမျိုးစုံတွင် စိတ်ဝင်စားမှုများရှိနေသည့်အတွက် တရုတ်နိုင်ငံက NLD အစိုးရသစ် လက်ထက်တွင် ကဏ္ဍသစ်ဖွင့်လှစ်နိုင်ရန် မျှော်လင့်နေကြောင်းလည်း ၎င်းက ပြောသည်။
"စီးပွားရေး၊ စစ်ရေးစတဲ့အခန်းကဏ္ဍတွေမှာ သူတို့မှာ ပြိုင်ဘက်တွေအများကြီးရှိတယ်ဆိုတာကိုလည်း သူတို့နားလည်ပါတယ်" ဟု Yan Sun က ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် ယခင်အစိုးရသက်တမ်း ငါးနှစ်တာ ကာလအတွင်း အစိုးရနှင့် ဆက်ဆံရေး အကောင်းမွန်ဆုံး မဖြစ်ခဲ့သည့်အတွက် ယခုအစိုးရသစ်အပေါ် မျှော်လင့်ချက်ထားနေကြောင်းလည်း သိရသည်။
လက်ရှိ NLD အစိုးရ နှင့် တပ်မတော်အပေါ် တရုတ်ရဲ့ သဘောထားနှင့် ပတ်သက်ပြီးလည်း "အခုလက်ရှိအခြေအနေမှာ တရုတ်အစိုးရကို တပ်မတော် နဲ့ NLD ဘယ်သူ့ကိုရွေးမလဲဆိုရင် NLD အရပ်သားအစိုးရကို ရွေးမှာပါပဲ။ တရုတ်အနေနဲ့ အရပ်သားအစိုးရနဲ့ပေါင်းရင် ပိုပြီး အမြတ်အစွန်းရနိုင်မယ်လို့ တွက်ထားမှာပါ။" ဟု မစ္စ Yan Sun က သုံးသပ်ထားသည်။
ယင်းအပြင် အစိုးရသစ်၏ အလေးထားဆောင်ရွက်နေသည့် တိုင်းရင်းသားလူမျိုးစုများ၏ အခန်းကဏ္ဍသည်လည်း တရုတ်အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်ဟု သူက ဆိုထားပြီး အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက တရုတ်ရဲ့ အကူအညီကို ရယူနေကြောင်းလည်း ဝအဖွဲ့ UWSA နှင့် ကိုးကန့်အဖွဲ့တို့ကို ရည်ညွှန်းကာ ၎င်းက ပြောကြားခဲ့သည်။
"ကိုးကန့်ကိစ္စမှာဆိုရင် တရုတ်တွေက ကိုးကန့်ကို ဝင်ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့တာပါပဲ။" ဟုပြောကြားခဲ့ပြီး "UWSA နဲ့ တရုတ်ဆက်ဆံရေး နီးနီးကပ်ကပ်ရှိတယ်လို့ပြောတာ မမှားပါဘူး" ဟုလည်း ဝအဖွဲ့နှင့် ပတ်သက်ပြီး ၎င်းက ပြောကြားသည်။