တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရဲ့ လက်ရှိအနေအထား

တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရဲ့ လက်ရှိအနေအထား

အခုဆိုရင် မြန်မာ့ရုပ်ရှင်လုပ်ငန်းက နှစ် ၁၀၀ ဆိုတဲ့အချိန်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ တစ်ချိန်ကရွှေထီးဆောင်းခဲ့တဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်းက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ကာလထဲမှာ ထုတ်လုပ်မှုအရေအတွက် လျှော့ကျလာပြီးနည်းပညာ၊ ငွေကြေးနဲ့ အစိုးရရဲ့ အားပေးကူညီမှု စတဲ့လိုအပ်ချက်တွေနဲ့ ရုန်းကန်နေရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

တစ်ဘက်မှာကလည်း အနုပညာရှင်တွေရဲ့ အာရုံစူးစိုက်မှုကလည်း မြန်မာ့ရုပ်ရှင်လုပ်ငန်း ပြည်လည်ဦးမော့လာဖို့ အားနည်းချက်တွေဖြစ် နေသလားဆိုတဲ့ မေးခွန်းတွေက ရှိနေတုန်းဖြစ်ပါတယ်။ ဒီလိုမေးခွန်းပေါင်းများစွာနဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်းအကြောင်းကို သတင်းဆောင်းပါးတစ်ပုဒ်အနေနဲ့ ရှုစားရမှာဖြစ်ပါတယ်။

အတိတ်ကာလရဲ့ မှတ်တမ်းတွေမှာတော့ မြန်မာ့ရုပ်ရှင်ဂုဏ်သတင်းညှိုးနွမ်းခဲ့တာတော့မဟုတ်ပါဘူး။ မရိုးနိုင်တဲ့ ဇာတ်လမ်းအရည်အသွေးနဲ့ ပရိသတ်ကိုဖမ်းစား နိုင်ခဲ့တာပါ။ အရင်နှစ် ၄၀ ကျော်က မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံပေါင်း ၄၀၀ လောက်ရှိခဲ့ပြီးတော့ တစ်နှစ်ကိုထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားအရေအတွက်ကလည်းကားပေါင်း ၅၀ နဲ့ အထက်မှာရှိတာပါ။

၁၉၉၀ပြည့်နှစ်အလွန်.. ရုပ်ရှင်ရုံတွေကို ပြည်သူပိုင်သိမ်းခဲ့ပြီးချိန် နောက်ပိုင်း မြန်မာ့ရုပ်ရှင်လုပ်ငန်းကိုအခြေမယိုင်ဖို့ ကျားကန်ခဲ့ရတာပါ။

အဲဒီ့လိုရွှေခေတ်တစ်ခေတ်ကို ဖြတ်သန်းခဲ့ဖူးတဲ့ ဒီနိုင်ငံရဲ့ ရုပ်ရှင်လုပ်ငန်းတွေနဲ့အတူ ဗီဒီယိုဇာတ်ကားဈေးကွက်ဟာဆိုရင်လည်း ဒီမှာအမြစ်တွယ်လာခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။

ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးထုတ်လုပ်ဖို့ အချိန်ပေးရတာ.. ငွေကုန်ကြေးကျ ပိုများတာနဲ့  ပြသစရာ ရုပ်ရှင်ရုံအင်အားနည်းပါးနေတာကြောင့် ငွေဖြစ်လွယ်တဲ့ ဗီဒီယိုဇာတ်ကားတွေကိုပဲထုတ်လုပ်သူတွေကဦးစားပေးလာတဲ့ သဘောမှာရှိနေပါတယ်။

"ရုပ်ရှင်ကားတစ်ကားတန်ကြေးနဲ့ ဗီဒီယိုကားတစ်ကားတန်ကြေးကမတူဘူးလေ၊ ကွာတယ်၊ ရုံများတော့မှပဲထုတ်လုပ်သူတွေအတွက် ရှုံးရင်ဆိုတာတောင်မှ အရှုံးသာမယ်..မြတ်လည်းအမြတ်ကြီးမယ်ပေါ့နော်..ဒီသဘောပါပဲ.ဒါပေမယ့် ရုပ်ရှင်ကားကဗီဒီယိုနဲ့ မတူတဲ့အချက်ကကားကောင်းဖို့တော့ လိုတယ်၊ကားမကောင်းရင်တော့ သူတို့က လူဝင်မှာမဟုတ်ဘူး။ အဲလိုရှိတယ်။"လို့ မာန်ထက်ချီရုပ်ရှင်နှင့်ဗွီဒီယိုထုတ်လုပ်ရေး ထုတ်လုပ်သူ ဦးဝင်းကိုက ပြောပါတယ်။

ဒါပေမယ့် လက်ရှိဗီဒီယိုဈေးကွက်ကလည်းသိပ်ပြီးဈေးကွက်ကောင်းလာတာတော့ မဟုတ်ပါဘူး။လုပ်စားကိုင်စားနိုင်တဲ့ အခြေအနေကနေလုပ်သာကိုင်သာနိုင် လောက်တဲ့ အခြေအနေဖြစ်အောင် ရုန်းကန်နေရတဲ့အခြေအနေလို့တော့ ဗီဒီယိုဇာတ်ကားထုတ်လုပ်သူတွေနဲ့ ဖန်တီးသူဒါရိုက်တာတွေကပြောပါတယ်။ နယ်ဈေးကွက်ကိုပဲ အဓိကအားထားနေရတဲ့ ဗီဒီယိုဈေးကွက်က ခိုးကူးခွေဖြန့်ချီသူတွေကို မလွန်ဆန်နိုင်သေးတဲ့ အခြေအနေပါ။

"တစ်ခုပဲလိုတယ်။ တရားဥပဒေစိုးမိုးဖို့ပဲ.. ဥပဒေတကယ်စိုးမိုးရင် ကျန်တဲ့အရာကဘယ်အရာမှ မကြောက်ဘူး၊ ဒို့တတွေက ကိုယ့်လမ်းကိုယ် လျှောက်လို့ရတယ်။ အခုဟာကဥပဒေရှိပြီး ဥပဒေမစိုးမိုးဘူး။ အဲတော့ ခိုးကူးခွေမိတယ်..ဒဏ်ငွေရိုက်လိုက်တယ်။ ဘယ်လောက်ရိုက်လိုက်လဲ.. သုံးသောင်းရိုက်လိုက်တယ်၊ သူကDeposite ပါ ပေးထားပြီးထပ်ခိုးကူးဦးမယ့်သဘောရှိတယ်။ အဲလိုပျော့ညံ့တဲ့ ဥပဒေရှိတဲ့အတွက် ဘယ်တော့မှ ထွန်းကားလာမှာမဟုတ်ဘူး။" လို့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က မဇ္ဈိမကို ပြောပါတယ်။

တစ်ဘက်မှာလည်း မြန်မာ့ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ဘာကအရေးပိုကြီးတယ်ဆိုတဲ့ မေးခွန်းတွေကရှိနေတုန်းပါ။ ဒါပေမယ့် ရလာမယ့် အဖြေကတော့ တစ်ခုတည်းတော့ မဟုတ်နိုင်ပါဘူး။ သေချာတာကတော့ ဒီက ရုပ်ရှင်ရိုက်ကူးထုတ်လုပ်တဲ့ ဈေးကွက်မှာနည်းပညာ၊ ငွေကြေး၊ဇာတ်လမ်းဇာတ်ညွှန်းနဲ့ အနုပညာအားစိုက်ထုတ်မှုတွေက မြန်မာ့ရုပ်ရှင် လုပ်ငန်းတိုးတက် ဦးမော့လာဖို့ လိုအပ်ချက်အဖြစ်ရှိနေသေးတာဖြစ်ပါတယ်။

"စတူဒီယိုတခုရှိရင်တော့ ထုတ်ရတဲ့ နေရာမှာပိုအားကောင်းတာပေါ့ ဘာလို့လဲဆိုတော့ မိုးလုံလေလုံလဲရှိတယ် စက်ပစ္စည်းကိရိယာတွေ အဲမှာအစုံရှိတဲ့အတွက် စတူဒီယိုရှိတဲ့အခါမှာထုတ်လုပ်မှု ပိုကောင်းမယ်လို့တော့ ရည်ရွယ်ရတယ် ဒါပေမယ့် ကိုယ်ပိုင် ကိုယ်တစ်ဦးထဲအတွေ့အကြုံအရပြောမယ်ဆိုရင်တော့ ဦးစတူဒီယို ၂ လုံးဆောက်ခဲ့ဖူးတယ်၊အဲဒီစတူဒီယို ၂ လုံးစလုံး ဖြတ်လိုက်ရတယ် ဘာလို့လဲဆိုတော့ ရုပ်ရှင် ထုတ်လုပ်သူတွေကစတူဒီယိုထဲကိုလာပြီးရင် စတူဒီယိုငှားခကိုကျခံမှုအားနည်းတယ်ပေါ့ ဘာလို့လဲဆိုတော့ cost ကcost effect ဖြစ်အောင် လုပ်ရတဲ့အတွက် စတူဒီယိုငှားခကိုမပေးနိုင်တဲ့အတွက် နောက်ဆုံးဦးတို့ စတူဒီယိုတွေ အားလုံးလဲ ဖြတ်လိုက်ရတဲ့ သဘောရှိပါတယ်။" လို့ Maze Co.,Ltdရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင်မောင်ဝင်းက ပြောပါတယ်။

အရင်အစိုးရလက်ထက်တုန်းကလည်း မြန်မာ့ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် စတူဒီယိုတည်ဆောက်ဖို့ဆိုပြီးမြေနေရာတွေ ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် အဲဒိရဲ့ နောက်ဆက်တွဲမှာဘယ်လိုရှင်းတမ်းနဲ့ ဆောင်ရွက်ချက်တွေ ရှိနေသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အသိုင်းအဝန်းထဲ ပြန်လည်ဝင် ရောက်လာတဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစီးပွားရေးအသိုင်းအဝန်းတွေနဲ့အတူ ပေါင်းစပ်လာတဲ့အချိန်မှာ နိုင်ငံ့ပြယုဂ်ဖြစ်တဲ့ ရုပ်ရှင်လုပ်ငန်းကရောအတိတ်ကအောင်မြင်မှုတွေကိုပြန်လည်ဖမ်းဆုပ်နိုင်မှာလားဆိုတာနဲ့ မြန်မာ့ရုပ်ရှင်သက်တမ်း နှစ် ၁၀၀ အလွန်မှာဘယ်လိုရပ်တည်သွားနိုင်မလဲဆိုတာတွေက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly