မြိတ်သစ်ပါးလွှာအထပ်သားစက်ရုံ သစ်ကုန်ကြမ်းမရရှိခြင်းကြောင့် ယာယီပိတ်သိမ်း

မြိတ်သစ်ပါးလွှာအထပ်သားစက်ရုံ သစ်ကုန်ကြမ်းမရရှိခြင်းကြောင့် ယာယီပိတ်သိမ်း
ဇွန် ၁၀ ရက် ခန့်က သစ်ပါးလွှာအထပ်သားစက်ရုံကိုတွေ့ရစဉ် ဓာတ်ပုံ- ဇော်နီ

မြိတ်၊ ဇူလိုင်- ၂၂ ။               ။ တနင်္သာရီတိုင်းဒေသကြီး၏ တစ်ခုတည်းသော မြိတ်သစ်ပါးလွှာအထပ်သားစက်ရုံသည် အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်ခွင့်တစ်နှစ်ရပ်ဆိုင်းခဲ့ပြီးနောက် သစ်ကုန်ကြမ်းမရရှိခြင်းကြောင့်ဟုဆိုကာ သစ်ပါးလွှာအထပ်သား စက်ကို ဇူလိုင် ၂၆ ရက်မှစ၍ ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း သစ်ပါးလွှာအထပ်သားစက်ရုံဦးစီးလုပ်ကိုင်သူ MR.ANSHULJAIN က ပြောဆိုခဲ့သည်။

“သစ်ကုန်ကြမ်းပြန်ရမယ့်အချိန် ပြန်လုပ်ဖို့ ရှိပါတယ်။ အခုလို ထုတ်လုပ်ခွင့်ပိတ်ထားတဲ့အပေါ်မူတည်ပြီးတော့ စက်ရုံလည်ပတ်မှု ရပ်နားထားရမယ့်သဘော ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းမရှိပဲ ဝန်ထမ်းတွေကို လစာပေးနေရတဲ့အတွက် အရှုံးပေါ်ပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။

ထိုသို့ သစ်ပါးလွှာစက်ရုံ ယာယီပိတ်သိမ်းမည်ဖြစ်ခြင်းကြောင့် ဝန်ထမ်းများ၏ လုပ်ခလစာနစ်နာကြေး ကိစ္စများဖြေရှင်းရန်၊ အလုပ်သမား၊ အလုပ်ရှင်လုပ်ခလစာ ညှိနှိုင်းရေးအတွက် မြို့နယ်အလုပ်သမားရေးရာ ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် အခြားတာဝန်ရှိသူများက ဇူလိုင် ၂၁ ရက်တွင် သစ်ပါးလွှာအထပ်သား စက်ရုံသို့ သွားရောက်ဖြေရှင်းခဲ့ကြသည်။

စက်ရုံပိတ်သိမ်းမည်ဟု ကြေညာချက်ကို ဝန်ထမ်းများအား အသိပေးမှုနောက်ကျခဲ့သဖြင့် ယင်းအတွက် လုပ်ခလစာ တစ်လစာကို ညှိနှိုင်းပေးရန်လိုအပ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက   ပြောဆိုခဲ့သည်။ သို့ရာတွင် အလုပ်ရှင် ဘက်မှ အပိုဆုကြေးပုံစံပေးခဲ့သည့်အပေါ် လုပ်သက်နည်းသည့် ဝန်ထမ်းများက ကျေနပ်ခြင်းမရှိဘဲ ယာယီအလုပ်ရပ်နားခြင်းကို နောက်ကျ အသိပေးသည့်အတွက် မိမိတို့အနေဖြင့် နစ်နာကြေးအဖြစ် လုပ်ခလစာ သုံးလစာကိုသာ တန်းတူခံစားခွင့်ရလိုသည်ဟု ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် မီဒီယာသို့ ဝန်ထမ်းအချို့ကပြောဆိုခဲ့သည်။

“အလုပ်သမားတွေအကုန်လုံး နှစ်ကြီးပဲဖြစ်ဖြစ်၊ နှစ်ငယ်ပဲဖြစ်ဖြစ် သုံးလစာလိုချင်တယ်။ ယာယီရပ်နားမယ်ဆိုတဲ့ စာရွက်လာကပ်တာကလည်း နောက်ကျတယ်။ ဒါကြောင့် ၁၅ ရက်စာကို ပေးမယ်လို့ပြောတယ်။ ကျွန်မတို့က ၁၅ ရက်စာကို လက်မခံနိုင်ဘူး” ဟု လုပ်သက် (၂) နှစ်ရှိ မစီအိုက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စက်ရုံယာယီရပ်နားခြင်းကြောင့် နို့တစ်နောက်ကျကြေး၊ စက်ရုံပိတ်နစ်နာကြေးများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၅) ပြဌာန်းချက်များအတိုင်း နစ်နာခဲ့ရသည့်အလုပ်သမားများကို နှစ်အလိုက် နှုန်းထားများအတိုင်း ဥပဒေနှင့်အညီ ညှိနှိုင်းပေးရမည့်ဖြစ်ကြောင်း မြိတ်မြို့နယ် ညှိနှိုင်းဖြန့်ဖြေရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“သူတို့ မကျေနပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဥပဒေကိုတော့ ကျော်လွန်လို့မရပါဘူး။ ဒါကြောင့် နစ်နာကြေးကို လုပ်သက်(၆)လပြည့်ပြီး တစ်နှစ်မပြည့်ရင် လဝက်စာ ဆိုတာမျိုးနဲ့ပဲ ဥပဒေနဲ့ အညီ ညှိနှိုင်းပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

အဆိုပါ သစ်ပါးလွှာအထပ်သားစက်ရုံသည် လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်မှ စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီအမည်ပြောင်းလဲခြင်းမရှိပဲ လုပ်ငန်းရှင်ပြောင်းလဲလုပ်ကိုင်ခဲ့ကြောင်း၊ ယခု ယာယီ ရပ်နားတော့မည့်အချိန်တွင်မူ ကုမ္ပဏီပိုင်ရှင်နှစ်ဦးစလုံး၌ တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်သက်ရင့်လုပ်သား (၉)ဦးရှိပြီး ယင်းကိုဦးအားလည်း လုပ်သက်ဆက်လက်ခံစားခွင့်ကို ညှိနှိုင်းတွက်ချက်ပေးဆောင်သွားမည်ဟု ကုမ္ပဏီတာဝန်ခံ ဦးလှမြိုင်ကပြောဆိုသည်။

ဇူလိုင် ၃၀ ရက်တွင် အလုပ်သမား၊ အလုပ်ရှင် နစ်နားကြေးကိစ္စများကို ညှိနှိုင်းပေးသွားမည်ဟု ဆွေးနွေးညှိနှိုင်းမှုအပြီးတွင် သိရပြီး စက်ရုံအလုပ်သမားမှာ စုစုပေါင်း (၁၁၂)ဦးရှိသည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly