မိုင်ဂျာယန်အစည်းအဝေးတွင် အပစ်ရပ်ထားသည့် အဖွဲ့ ၈ဖွဲ့က အချက်လေးချက် ဆွေးနွေးရန် သဘောတူ

မိုင်ဂျာယန်အစည်းအဝေးတွင် အပစ်ရပ်ထားသည့် အဖွဲ့ ၈ဖွဲ့က အချက်လေးချက် ဆွေးနွေးရန် သဘောတူ

ချင်းမိုင်၊ ဇူလိုင် ၂၀ ။  ။ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတွင် အဓိကအားဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေး၊ စစ်ရေးနှင့် ပင်လုံ၏ အနက်အဓိပ္ဗါယ် စသည့် အချက် ၄ ချက်ကို တင်ပြသွားရန် သဘောတူ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chiang Mai Orchid ဟိုတယ်တွင် သုံးရက်ကြာ ကျင်းပနေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၏ စုံညီ အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“မိုင်ဂျာယန်မှာ အဓိက ဆွေးနွေးရမယ့် အကြောင်းအရာ ၄ ချက်ရှိတယ်။ တစ်အချက်ကတော့ နိုင်ငံရေးဆိုင်ရာကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ဘယ်လို တည်ဆောက်မလဲဆိုတဲ့ သဘောထား ကျနော်တို့ ပြင်ဆင်ထားတာတွေ စုစည်းပြီးတော့ ဆွေးနွေးသွားမယ်။ အမြင်ချင်းဖလှယ်တဲ့သဘောပေါ့နော်။ လုံခြုံရေး ဆိုင်ရာကိစ္စမှာ နိုင်ငံတော် ကာကွယ်ဖို့ အတွက် ဘယ်လို ပုံစံလုပ်မလဲဆိုတဲ့ကိစ္စ၊ နောက်တခုက ဆွေးနွေးမယ့်အကြောင်းအရာဖြစ်တဲ့ Framework က လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေက လက်မှတ်ရေးထိုးတဲ့နောက်ပိုင်းမှာ 
အစိုးရသစ်နဲ့ ပြန်ပြီးတော့ သုံးသပ်တယ်။ ပြန်သုံးသပ်တဲ့ အဆင့်မှာဘယ်လို ပြင်သင့်တယ်ဆိုတာ ဆွေးနွေးမယ်”ဟု KNU မှ ပဒိုကွယ်ထူးဝင်းက သတင်းထောက်များကို ပြောသည်။

သူက ဆက်လက်၍ “ပင်လုံဆိုတာက ပင်လုံ စာတမ်း ဆိုတာက ပင်လုံရဲ့ အဓိပ္ပယ်ယူပြီးတော့ အမျိုးမျိုးကောက်ချက် ချနေကြတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ၂၁ ရာစုပင်လုံ ညီလာခံ ပြောလိုက်တာနဲ့ ဝေဖန်မှု အမျိုးမျိုးဖြစ်နေကြတာကိုး ဒါပေမဲ့ ဘုံနာလည်မှု ဘယ်လိုရှိလဲဆိုတာ ပညာရှင်တွေနဲ့ ပြန်စုပြီးတော့ ဒါကို မျက်နှာစုံစည် အစည်းအဝေးမှာ အတည်ပြုပြီး ပြည်သူတရပ်လုံးကို အသိပေးမယ်”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ) ညီလာခံတွင်လည်း အလားတူ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ မူဘောင်ကိစ္စများ အပါအဝင် အချက် ၅ ချက်ပါဝင်သော စာတမ်းတစ်စောင် တင်သွင်းဆွေးနွေးသွားရန် ဆွေးနွေးခဲ့သည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ညီလာခံမှာ ကျနော်တို့ ဆွေးနွေးရမယ့် အချက်ကြီး ၅ ချက်ရှိတယ်။ အဲဒီအချက် ၅ ချက်မှာ အလွတ်သဘော နိုင်ငံရေးဆိုင်ရာ မူဘောင်ဆိုင်ရာ သုံးသပ်(Framwork informal review)တို့ကတော့ ဘယ်အချက်တွေကို ဘယ်အဆင့်မှာ ဆွေးနွေးမယ်ဆိုတဲ့ဟာကို ပြန်သုံးသပ်တာ ရှိတယ်။ ကျနော်တို့ ဆွေးနွေးရမဲ့ အကြောင်းအရာ ဆွးနွေးတာလည်း ရှိတယ်။ အကြောင်းအရာတွေ ကြတော့ များသောအားဖြင့် CBO, CSO ကဏ္ဍကနေ ဆွေးနွေးသွားမှာ ဖြစ်တယ်။ နောက်လူမျိုးအလိုက်၊ ဒေသအလိုက်ဆိုတဲ့ နေရာမှာ နိုင်ငံရေးဆိုင်ရာကိစ္စ၊ ဖွဲ့စည်းပုံဆိုင်ရာကိစ္စ၊ လုံခြုံရေးဆိုင်ရာ ကိစ္စကိစ္စဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး ဆိုင်ရာ ကိစ္စတွေက ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးမယ်။ အချို့ကိစ္စ လူမျုးိအလိုက်၊ ဒေသအလိုက် ဆိုတဲ့နေရာမှာ အမျိုးသား အဆင့်မှာ ဆွေးနွေးသွားမယ်။ အခုက အတည်ပြုမှု မရှိသေးဘူး”ဟု KNU မှ ပဒိုကွယ်ထူးဝင်းက ပြောသည်။

သို့သော် ၎င်းတို့၏ ဆွေးနွေး ပြင်ဆင်ထားချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ(UPDJC) တွင် ထပ်မံ အတည်ပြုချက် ရယူရသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

သုံးရက်ကြာ ကျင်းပခဲ့သော အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ်အဖြစ် NCA ကတိကဝတ်အရ နိုင်ငံရေးကဏ္ဍနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ ပါဝင်နေသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ ညီလာခံ)သို့ စာတမ်း တစ်ဆောင် တင်သွားရန် လက်မှတ်ရေး ထိုးထားသော အဖွဲ့ ၈ ဖွဲ့က ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ဒီညီလာခံက အစိုးရသစ်ရဲ့ ဦးဆောင်မှုအရ ပထမအကြိမ် ကျင်းပတာ ဖြစ်တယ်။ ဒါကြောင့် သူလည်းပဲ ဦးသိန်းစိန်တုန်းကလိုမျိုး နိုင်ငံရေး ဆွေးနွေးပွဲအတွက် ဖောင်ဒေးရှင်းတခုချတော့ အဲဒီမှာ အရေးကြီးတဲ့ ခေါင်းစဉ်ကြီး ၂ ခုရှိတယ်။ တခုက နိုင်ငံရေး ကဏ္ဍဖြစ်ပြီးတော့ အဲဒီရဲ့ အောက်မှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဖက်ဒရယ်စနစ် ပုံစံတွေကို ဆွေးနွေးဖို့ လိုလာတယ်။ ဒုတိယအရေးကြီးဆုံး ဖြစ်လာတာက တိုင်းပြည်ရဲ့ လုံခြုံရေး ကဏ္ဍမှာလည်းဘဲ အစဉ်အလာအရ ကျနော်တို့တိုင်းပြည်မှာက လက်နက်ကိုင်တပ်တွေက တပ်မတော်က လုံခြုံရေးနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိတယ်လို့ မှတ်ယူပြီးတော့ လုံခြုံရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ ဘယ်လို ရှိမလဲ၊ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ လုံခြုံရေးကဏ္ဍက ဘာဖြစ်လာမလဲ။ ဒီကဏ္ဍနှစ်ခုကိုပဲ အလေးထားဆွေးနွေးပြီးတော့ ကိုယ့်ရဲ့ ရှိဖွဲ့ အနေနဲ့ working document အဆင့်လောက်ကိုင်ပြီးတော့ ညီလာခံမှာ ဝင်ရောက်ဆွေးနွေးနိုင်ဖို့ ပြင်ဆင်တာ ဖြစ်ပါတယ်”ဟု ခွန်ဥက္ကာက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းသည် NCA ပါ အဆင့် ၄ တွင် ပြည်ထောင်စု ညီလာခံခေါ်ယူရန် ပြဌာန်းထားသည့်အတိုင်း အကောင်အထည် ဖော်ဆောင်နေခြင်း ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်ခြင်းလည်း ဖြစ်၍ မိမိတို့၏ နိုင်ငံရေး ရည်မှန်းချက်ကို ရောက်ရှိရန်ဖြစ်သောကြောင့် လက်နက်ကိုင် ပဋိပက္ခကို ရပ်စဲထားကာ နိုင်ငံရေးဆွေးနွေးပွဲထိ ရောက်ရှိလိမ့်မည်ဟု မျော်လင့်ထားသည်ဟု သူက ပြောသည်။

လာမည့် သြဂုတ်လကုန်ပိုင်းတွင် ကျင်းပမည့် ပြည်ထောင်စု ညီလာခံ (၂၁ ရာစုပင်လုံ) မကျင်းပမီနှင့် မိုင်ဂျာယန် မျက်နှာစုံညီ ကျင်းပြီးပြီးနောက်တွင် ၎င်းတို့ အဖွဲ့ ၈ ဖွဲ့အနေဖြင့် ညီလာခံ တစ်ခု ခေါ်ယူကျင်းပရန်လည်း ရှိသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ထို့ပြင် မိုင်ဂျာယန် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသို့ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့လည်း ပါဝင် တက်ရောက်ရန်နှင့် ၎င်းတို့အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး သဘောတူ ညီချက်များ ရရှိသည်အထိ နိုင်ငံရေး အင်အားစုများ၊ အစိုးရနှင့် တပ်မတော်တို့နှင့် ညှိနှိုင်းကြိုးပမ်း အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း အစည်းအဝေးအပြီး ဇူလိုင်လ ၂၀ ရက်က သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုံးရက်ကြာ ကျင်းပသော အစည်းအဝေးတွင် ကိုယ်စားလှယ်ပေါင်း ၄၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ပြီး ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်ထိ ကျင်းပမည့် မိုင်ဂျာယန် မျက်နှာစုံ ညီအစည်းအဝေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ ညီလာခံ) တက်ရောက်ရေးအတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly