မြိတ်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးကို အောက်တိုဘာတွင် ပြန်လည်ဖွင့်လှစ်တော့မည်

မြိတ်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးကို အောက်တိုဘာတွင် ပြန်လည်ဖွင့်လှစ်တော့မည်

မြိတ်၊ ဇူလိုင်-၂၀ ။                ။ လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်ကတည်းက ရပ်နားထားခဲ့ရသည့် မြိတ်မြို့ မြန်မာအပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးကို လာမည့် စက်တင်ဘာ၊ အောက်တိုဘာတို့၌   ပြန်လည်စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း အဆိုပါ ငါးဈေးကြီးပိုင်ရှင်ဖြစ်သူ ဒေါ'ဌေးဌေးဝင်းက မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးရှိ တွေ့ဆုံပွဲအပြီးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“အကြောင်းကြောင်းကြောင့် ခေတ္တခဏ မဖွင့်ဖြစ်ဘဲ ရပ်နားထားရတာပါ။ ဒါပေမယ့် အခု ဒီငါးလေလံဈေးကို ငါးဖမ်းရာသီပိတ်ထားတဲ့ သုံးလအပြီး လာမယ့် အောက်တိုဘာလမှာ    ပြန်လည် စတင်ဖွင့်လှစ်သွားမှာပါ” ဟု ၎င်းကအတည်ပြုပြောကြားသွားခဲ့သည်။

ယင်းငါးလေလံဈေး နှင့်ပက်သက်၍ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းကလည်း ငါးဈေးပြန်ဖွင့်မည်ဆိုပါက နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ငါးလာရောက်ရောင်းချရေးမှ ခက်ခဲသည့်ကိစ္စတစ်ခုမဟုတ်ဟု ထောက်ပြပြောဆိုခဲ့သည်။

ထို့အပြင် ကုန်ကြမ်းလိုချင်သည့် ငါးလေလံဈေးပိုင်ရှင်အနေဖြင့် ငါးလေလံဈေးစတင်ရန် အဆင့်သင့်မဖြစ်သေးသည့်အတွက် ကုန်ကြမ်းမရသေးခြင်းဖြစ်ပြီး ကုန်ကြမ်းရရှိရန်အတွက် မည်သည့်ငါးအမျိုးစားမျိုးကို မည်သည့်အချိန်တွင်ဝယ်ယူမည်ဆိုသည့် ငါးလေလံအချိန်များလည်း ညှိနှိုင်းပြောသင့်သည်ဟု ငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ငါးရောင်းမည့်သူတစ်ဦး၏ အမြင်ကို ချပြသည်။

ငါးလေလံဈေး ပြန်လည်စတင်ဖွင့်လှစ်ခြင်းသည် လွယ်မယောင်နှင့် ခက်ခဲသည့် စိန်ခေါ'မှုတစ်ခုဖြစ်ကြောင်း၊ အကြီးမားဆုံးစိန်ခေါ်မှုမှာ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်း၏ ဥပဒေပိုင်းဆိုင်ရာ တိကျသည့် မူဝါဒဖြင့် လက်တွေ့အကောင်အထည်ဖော်ရန် လိုသကဲ့သို့ ပင်လယ်ပြင်မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ယခင်အတိုင်းငါးများသွားရောက်ရောင်းချမည့်အခြေအနေများကို ထိန်းချုပ်ပေးရန် လိုအပ်သည်ဟု မြန်မာအပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးပိုင်ရှင်ကဆိုသည်။

ယင်းငါးလေလံဈေး နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ရေလုပ်ငန်း နှင့် သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ရေးရာကော်မတီတာဝန်ရှိသူများ နှင့် အရပ်ဖက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly