အာဇာနည်နေ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဂါရဝပြုခြင်းက အမျိုးသားရင်ကြားစေ့ရေးအတွက် အလားအလာကောင်းဖြစ်

အာဇာနည်နေ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဂါရဝပြုခြင်းက အမျိုးသားရင်ကြားစေ့ရေးအတွက် အလားအလာကောင်းဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၉ ။           ။ နှစ်ပေါင်း ၃၀ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် အရပ်သားအစိုးရသစ်လက်ထက်တွင် ကျင်းပသည့် ၆၉နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်အလေးပြုခဲ့ခြင်းသည် အမျိုးသားရင်ကြားစေ့ရေးအတွက် အလားအလာကောင်းတစ်ခုဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

"တိုင်းပြည်မှာ ရင်ကြားစေ့ရေးအတွက် အကောင်းဆုံးပေါ့။ ညီညွတ်တယ်။ ငြိမ်းချမ်းဖို့အတွက် အကောင်းဆုံးပေါ့" ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောသည်။

၆၉နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဗိုလ်ချုပ်အောင်းဆန်း၏ သမီးတော်စပ်သူ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ တပ်မတော်ခေါင်းဆောင်ပါ တက်ရောက် ဂုဏ်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းသို့ ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ခဲ့ခြင်းကို ၎င်း၏ သက်တမ်းတစ်လျောက် တစ်ခါမှ မကြားခဲ့ဖူး ကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် ယခုကဲ့သို့ ပြန်လည်အသိအမှတ်ပြုခဲ့ခြင်းအပေါ် ဝမ်း မြောက်မိကြောင်း တောင်ဥက္ကလာပ မြို့နယ်မှ အာဇာနည် ဗိမ္မာန်သို့ လာရောက်ဂုဏ်ပြုခဲ့သည့် အသက် (၂၉) နှစ်အရွယ်ရှိ ကိုကျော်စွာထွန်းက ပြောသည်။

"ကျွန်တော့ သက်တမ်းတစ်လျောက်မှာ ဒါပထမဆုံးကြားဖူး ကြုံဖူးတာပဲ။ ဟိုဘက် ကာလတွေ တစ်လျောက် လုံး အာဇာနည်ဆိုတာကို သမိုင်းဖျောက်ထားခဲ့ကြတယ်။ အာဇာနည်နေ့ဆိုရင် ခိုးကြောင်ခိုးဝှက်  လမ်းဘေး မှာ ပန်းခွေချခဲ့ကြရတယ်။ ဦးသိန်းစိန်လက်ထက်မှာ အာဇာနည်နေ့ဆိုတာကို ပြန်လုပ်လာတယ်။ဒါပေမယ့် တပ်ရဲ့ အမြင့်ဆုံးခေါင်းဆောင်တစ်ယောက်အနေနဲ့ ခုလို တက်ရောက်ဂုဏ်ပြုတာ ဒါပထိမဆုံးပဲ။သူတို့ အသိ အမှတ် ပြုတဲ့အပေါ်မှာတော့ ဝမ်းမြောက်ရပါတယ်"ဟု ၎င်းက ဆိုသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဇာနည် ခေါင်းဆောင်ကြီးများအား တက်ရောက် ဂုဏ်ပြုအပြီးတွင် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်သည့် အာဇာနည်နေ့ ဆွမ်းကျွေးအလှူကိုလည်း တက်ရောက်ခဲ့သည်။

အဆိုပါ ဆွမ်းကျွေးအလှူသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဒုသမ္မတ ဦးမြင့်ဆွေ၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းလည်း တက်ရောက်ခဲ့သည်။

နောက်နောင်တွင်လည်း တပ်မတော်အပါအဝင် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒအမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောသည်။

"ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို လာပြီး ဂါရဝပြုတဲ့ အခင်းအကျင်းပေါ့နော်။ ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး အတွက်ဆိုရင် တပ်မတော်ရဲ့ အခမ်းကဏ္ဍက အရမ်းအရေးကြီးတယ်လေ။ နောက်နောင်လည်း ဒီနေ့ကို သင်ခန်းစာယူပြီးတော့ ပူးပေါင်းဆောင်ရွက်ကြရင် အာဇာနည်နေ့တင်မကဘူး ဗိုလ်ချုပ်တို့ လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကိုပါ သွားနိုင်မယ့် အနေအထားမျိုး ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ဦးနေမျိုးကျော်က ပြောသည်။

ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်သို့ တပ်မကော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဂါရဝပြုခဲ့သည့်အပြင် နေပြည်တော်ရှိ ဇမ္ဗူသီရိ ခန်းမတွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အာဇာနည်နေ့ ဆွမ်းကပ်လှူးပွဲသို့ တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်ကို ၁၉၈၃ခုနှစ်က အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုအပြီး နိုင်ငံအကြီးအကဲများ တက်ရောက်ဂါရဝပြုမှု မရှိတော့ဘဲ အာဇာနည်ကြီးများလည်း နှစ်ပေါင်းများစွာ အဖျောက်ဖျက်ခံခဲ့ရသည်။ လေ့လာစုံစမ်းရရှိသည့်မှတ်တမ်းများအရ ၁၉၇၁ ခုနှစ်က ကျင်းပခဲ့သည့် ၂၄ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်ကြီးနေဝင်း တက်ရောက်ကာ လွမ်းသူပန်းခွေချ ဂါရဝပြုပြီးနောက်ပိုင်း တပ်မတော်အကြီးအကဲတစ်ဦးအနေဖြင့် ဂါရဝပြုခြင်းမှာ ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly